ရေတွင်းဟောင်းပြုပြင်ရန် အုတ်များကို ဖယ်ရှားစဉ် မြေပိသေဆုံး

ပို့စ်တင်ချိန် - 4/28/2014 03:21:00 PM


ရေစကြို ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ထန်းဆယ်ပင်ရွာတွင်ရေတွင်းဟောင်းအား အသစ်ပြန်လည်ပြုပြင်ရန် အုတ်များကို ဖယ်ရှားနေစဉ် ရေတွင်းပတ်လည်မှ မြေသားများ ပြိုကျသဖြင့် မြေပိသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထန်းဆယ်ပင်ကျေးရွာ ရွာလယ်ရှိ လွန်ခဲ့သော နှစ် ၁၅၀ ခန့်က တည်ဆောက်ထားခဲ့သော အနက်ပေ ၂၀ ခန့်၊ အကျယ် ၅ ပေ ခန့်ရှိ အုတ်စီခွေရေတွင်းပျက် ကို ကျေးရွာပြည်သူများ အသုံးပြု ရန် ဘိလပ်ခွေ အသစ်ချပြန်လည် ပြုပြင်ရန်အတွက် ဦးစိုးမင်းချစ် (၄၃နှစ်)၊ ကိုသီဟန် (၁၈နှစ်)၊ ဒေါ်သင်းသင်းအေး(၃၁နှစ်)တို့သည် ဧပြီ ၁၉ ရက်မှစ၍ အုတ်များကို ဖယ်ရှားဆောင်ရွက်ရာ ဧပြီ ၂၁ ရက် တွင် ဦးစိုးမင်းချစ်က ရေတွင်း ဆင်း၍ အုတ်များဖယ်ရှား နေစဉ် အနက် ၁၈ ပေခန့် အရောက် မြေပြင်ရှိ ရေတွင်းပတ်လည်မှ မြေသားများ လှိုက်ပြီး ရုတ်တရက် ပြိုကျသဖြင့် ဦးစိုးမင်းချစ်မှာ အနက် ၁၂ ပေခန့်တွင် မြေပိသေဆုံးခဲ့သည်။

အဆိုပါ အခင်းဖြစ်နေရာသို့ ရေစကြို မြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်၍ မြေပိနေသူအား အမြန်ဆုံး ဖော်နိုင်ရေးနှင့် ဆယ်ယူရရှိပါက ဆေးစာဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ သေမှုသေခင်းဖွင့် ဆောင်ရွက်မည့် အခြေအနေက ပြောပြသဖြင့် ကျေးရွာပြည်သူများကလည်း ဧပြီ ၂၂ ရက် နံနက်ထိ လုပ်အားဖြင့် ဆောင်ရွက်ခဲ့သည်။

ယခုကဲ့သို့ ရေတွင်းဟောင်းများကို ဖော်ရာတွင်ဖြစ်စေ၊ တွင်းချီးဆယ်ရာတွင်ဖြစ်စေ အောက်ဆီဂျင်ရှိ/မရှိ၊ မြေပြိုမှု အန္တရာယ် ရှိ/မရှိ သေချာစွာ စိစစ်သုံးသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း ကျေးရွာမှ လူကြီးတစ်ဦးက ပြောပြသည်။

MOI Webportal Myanmar