ပုပ်ရဟန်းမင်းကြီးဟောင်း နှစ်ပါးကို သူတော်စင်အဖြစ် တင်မြောက်

ပို့စ်တင်ချိန် - 4/28/2014 03:19:00 PM

ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး နှစ်ပါးကို သူတော်စင်အဖြစ် တင်မြောက်တဲ့ပွဲကို St Peter ရင်ပြင်မှာ လုပ်ခဲ့ (Credit: Reuters) 

ကက်သလစ်ဘာသာဝင်တွေကနေ ​ပုပ်ရဟန်းမင်းကြီးဟောင်း ​၂၃ ​ယောက်မြောက် ​ဂျွန်နဲ့ ​ဒုတိယမြောက် ​ဂျွန်ပေါလ်ကို ​သူတော်စင်အဖြစ် ​သတ်မှတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ကွယ်လွန်သူ ​ပုပ်ရဟန်းမင်းကြီး ​နှစ်ပါးကို ​ပထမဆုံးအကြိမ် ​ပူးတွဲပြီး ​သူတော်စင်အဖြစ် ​သတ်မှတ်တဲ့ပွဲကို ​ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်က ​ဦးဆောင်ကျင်းပတာဖြစ်ပြီး ​လူပေါင်း ​တစ်သန်းအထိ ​တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခန်းအနားအတွင်း ​ဆရာတော်အပါး ​၈၀၀ ​ကျော်ပါဝင်ပြီး ​ရဟန်းအပါး ​၇၀၀ ​က ​ကြွရောက်လာသူတွေကို ​ကိုယ်တော်မြတ် ​ပွဲတော် ​ပေးခဲ့ပါတယ်။

သူတော်စင်အဖြစ် ​တင်မြောက်တဲ့အနေနဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဂျွန်ပေါလ်ရဲ့ ​အသွေးနဲ့ ​ဂျွန်ရဲ့ ​အရေခွဲတွေကို ​ထည့်ထားတဲ့ ​ဗူးတွေကို ​ဘုရားစင်ရှေ့မှာ ​တင်ထားလိုက်ပါတယ်။

အဲဒီလို ​ကျင်းပတဲ့နေ့ကို ​အီတလီမီဒီယာတွေက ​ပုပ်ရဟန်းမင်းကြီး ​လေးပါးရဲ့ ​ပွဲနေ့လို့တောင် ​တင်စားခေါ်ဝေါ်ကြပါတယ်။

အကြောင်းရင်းကတော့ ​ကွယ်လွန်သူ ​ပုပ်ရဟန်းမင်းကြီး ​နှစ်ပါးကို ​သူတော်စင်​တင်မြောက်တဲ့အခမ်းအနားအတွင်း ​လက်ရှိ ​ပုပ်ရဟန်းမင်းကြီးနဲ့ ​မကြာခင်တုန်းက ​အနားယူသွားတဲ့ ​ပုပ်ရဟန်းမင်းကြီး ​Benedict ​တို့ကလည်း ​အဲဒီပွဲကို ​တက်ရောက်ကျင်းပတဲ့အတွက် ​ဖြစ်ပါတယ်။

ပိုလန်နိုင်ငံသားဖြစ်တဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဒုတိယမြောက် ​ဂျွန်ပေါလ်ကို ​သူတော်စင်အဖြစ် ​တင်မြောက်တဲ့အတွက် ​ပိုလန်နိုင်ငံကလူတွေသာမက ​ဆစ်ဒနီ၊ ​ချီကာဂိုအစရှိတဲ့ ​ကမ္ဘာတလွှားက ​ပိုလန်နိုင်ငံသားတွေလည်း ​ရောမမြို့ကို ​သွားရောက်ပြီး ​ဂုဏ်ပြုဘုရားဖူးခဲ့ကြပါတယ်။

၁၉၆၃ ​ခုနှစ်တုန်းက ​ကွယ်လွန်သွားခဲ့တဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဂျွန်ကို ​သူတော်စင်အဖြစ် ​သတ်မှတ်တဲ့အပေါ် ​ဝေဖန်မှုတွေ ​မလုပ်ကြပေမယ့် ​မကြာသေးခင်တုန်းကပဲ ​ကွယ်လွန်သွားခဲ့တဲ့ ​ပုပ်ရဟန်းမင်းကြီး ​ဂျွန်ပေါလ်ကို ​စောစီးစွာ ​သူတော်စင်အဖြစ် ​သတ်မှတ်လိုက်တဲ့အပေါ် ​ဝေဖန်မှုတွေ ​ထွက်ပေါ်ခဲ့ပါတယ်။

ABC radio australia