မန်ချက်စတာယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာရာထူး အတွက် ဂစ်ကို ရွန်နီ ထောက်ခံ

ပို့စ်တင်ချိန် - 4/28/2014 12:04:00 PM


ရိုင်ယန်ဂစ်တွင် မန်ချက်စတာယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်မည့် အရည်အချင်းများ ရှိသည်ဟု ယုံကြည်ကြောင်း ဝိန်းရွန်နီက ပြောကြားလိုက်သည်။

အင်္ဂါနေ့က ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ခဲ့ပြီးနောက် အိုးထရတ်ဖို့ဒ်တွင် ယာယီ မန်နေဂျာ တာဝန်ယူခဲ့သည့် အသက် ၄၀ နှစ်အရွယ် ဂစ်သည် ယူနိုက်တက်ကို ရာသီကုန်သည်အထိ တာဝန်ယူရမည် ဖြစ်ပြီး နော်ဝစ်ခ်ျနှင့် ကစားခဲ့သည့် ၎င်း၏ ပွဲဦးထွက် မန်နေဂျာ ပွဲတွင်လည်း ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

“ဂစ်ရဲ့ လက်အောက်မှာ ကစားရတာ နည်းနည်း ထူးဆန်းပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁၀ နှစ်က သူနဲ့ ကစားဖူးပါတယ်။ သူက တကယ့်ကို အတွေ့အကြုံရှိတဲ့ ကစားသမားပါ။ နောက်ပြီး ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာလည်း နည်းပြအဖွဲ့ဝင် ဖြစ်လာပါတယ်။ အခုဆိုရင် မန်နေဂျာ တစ်ယောက်ဖြစ်ဖို့ သူကြိုးပမ်းနေပါတယ်။ သူ့မှာ အသင်းမန်နေဂျာ ဖြစ်လာမယ့် အရည်အချင်း အားလုံးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ဘုတ်အဖွဲ့နဲ့ ဂစ် တို့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ရွန်နီက ပြောကြားခဲ့သည်။

နော်ဝစ်ခ်ျကို ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ရွန်နီသည် အသင်းအတွက် အဖွင့်ဂိုးကို ၄၁ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဒုတိယပိုင်းအစတွင် သွင်းယူခဲ့သည်။ ထို့နောက် လူစားဝင် ကစားခဲ့ပြီး ၂ ဂိုးထပ်မံ သွင်းယူခဲ့သည့် မာတာက မိမိအနေဖြင့် ဂစ်၏ လက်အောက်တွင် ကစားရခြင်းကို ပျော်ရွှင်ကြောင်း ဆိုခဲ့သည်။

“သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကစားရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော် ငယ်စဉ်ကတည်းက ဂစ်ရဲ့ကစားပုံကို ကြည့်ရှုခဲ့တာပါ။ သူဟာ ယူနိုက်တက်မှာ သူ့ရဲ့ ဘဝတစ်ခုလုံးကို မြှုပ်နှံထားသူပါ။ လေ့ကျင့်ရေး ကွင်းမှာလည်း အသင်းသား အားလုံးက ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ အမြဲတမ်း မန်နေဂျာ ခန့်အပ်ဖို့ ဆုံးဖြတ်ချက် ပြုလုပ်ရမှာက ကျွန်တော်တို့ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ရာသီကုန်အထိ သူ့ရဲ့ လက်အောက်မှာ ကစားရမယ့်အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေပါတယ်” ဟု မာတာက ပြောကြားသွားခဲ့သည်။

Soccer Myanmar