ကော့သောင်းတွင် တွင်းရေမလောက်၍ ယင်းဝါကန်ရေ စသုံး

ပို့စ်တင်ချိန် - 4/28/2014 12:32:00 PM


ကော့သောင်း၊ ဧပြီ ၂၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မြို့ပေါ်ရပ်ကွက်များတွင် ရေလိုက်လံ ရောင်းချပေးနေသည့် ရေကားများသည် ယခုနှစ် နွေရာသီတွင် ရေတွင်းများမှ ရေအရ နည်းသောကြောင့် ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက်ရှိ ယင်းဝါ ရေလှောင်တမံမှ ရေကို ဝယ်ယူ ရောင်းချနေကြရကြောင်း ရေကားဖြင့် ရေရောင်းချသူများထံမှ သိရသည်။

မြို့ပေါ်ရှိ ရေကား ၁၀ စီးကျော်သည် ရေတွင်းရေကို အလှည့်ကျ ဝယ်ယူရပြီး ရေအခက်အခဲ ဖြစ်လာသည့်အတွက် ယင်းဝါရေကို အများဆုံး ဝယ်ယူ ရောင်းချနေရကြောင်း ၎င်းတို့က ပြောသည်။

ကော့သောင်းမြို့တွင် ဒေသခံများသည် ယင်းဝါရေကို ထိုက်သင့်သည့် သန့်ရှင်းမှု မရှိဟုဆိုကာ ရေအရှားဆုံး အချိန်မှသာလျှင် သုံးစွဲလေ့ ရှိသည်။

ယင်းဝါ ရေလှောင်တမံမှ ရေကို ဂါလန် ၅၀၀ ဆံ့ ရေကားတစ်ကားလျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ဂါလန် ၅၀ ဆံ့ တစ်တိုင်ကီကို ၆၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြကြောင်း ရေကားမောင်းသူ ဦးမောင်ဝင်းက ဆိုသည်။
“ထည့်နေကျ ဖောက်သည်တွေက ယင်းဝါရေ မထည့်ဘူးဆိုရင် မြို့တွင်းမှာ ရေမရှိတဲ့ အချိန်ဆို ၈ မိုင်မှာရှိတဲ့ ရေတွင်းတွေမှာ ရေတစ်ကားကို ၄၀၀၀ ကျပ်နဲ့ ဝယ်ပြီး တစ်တိုင်ကီ ၈၀၀ ကျပ်နဲ့ ပြန်ရောင်းတယ်” ဟု ၎င်းကဆိုသည်။

ယင်းဝါ ရေလှောင်တမံမှ ရေကို သင်္ကြန်မတိုင်ခင်ကတည်းက ဝယ်ယူ ရောင်းချနေရကာ လက်ရှိတွင် ရေကန်မှာ အတော်ခန်းနေပြီ ဖြစ်ပြီး နောက်နှစ်များတွင် ရေ ပိုမို သိုလှောင်နိုင်ရန်အတွက် ကန်ချဲ့နေကြောင်း ရေကားမောင်းသူများက ပြောကြားသည်။

(Dawei Watch)
The Voice Weekly