လီဗာပူးလ် ရှုံးပွဲအပြီး အန်းဖီးလ်ကွင်း အပြင်ဘက်၌ နှစ်ဖက် ပရိသတ်များ ရန်ပွဲဖြစ်ပွား

ပို့စ်တင်ချိန် - 4/28/2014 12:50:00 PM


ပြီးခဲ့သည့် သီတင်းပတ် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် အန်းဖီးလ်တွင် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ တွေ့ဆုံခဲ့ပြီးနောက် ပွဲပြီးချိန်၌ နှစ်သင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးသည် ယခုရာသီ ချန်ပီယံဆု အတွက် အဓိက ရေပန်းစားနေသည့် လီဗာပူးလ်ကို အရန် ကစားသမား အများစုဖြင့် ပွဲထုတ် ရင်ဆိုင်ခဲ့သည့်တိုင် (၂-၀)ဖြင့် အနိုင် ရရှိအောင် စွမ်းဆောင်ပြခဲ့ပြီးနောက် လီဗာပူးလ်၏ ချန်ပီယံ မျှော်လင့်ချက်ကို ကျဉ်းထဲကျပ်ထဲ ရောက်သွားစေ ခဲ့သည်။ ထိုပွဲတွင် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ ခြေချော် လဲကျမှု အမှားမှ တစ်ဆင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒမ်ဘာဘားက အဖွင့်ဂိုးကို သွင်းယူခဲ့သည်။ ကွင်းပြင်သို့ ထွက်ခွာလာချိန်၌ ချယ်လ်ဆီး ပရိသတ်များက ဂျရတ် အကြောင်း သီချင်းလုပ်ဆိုနေသဖြင့် လီဗာပူးလ် ပရိသတ်များနှင့် ပြဿနာ တက်ကြခြင်း ဖြစ်သည်။

Daily Mail သတင်းဌာနက အပြန်အလှန် လုံးထွေး ထိုးကြိတ်နေသည့် နှစ်ဖက်အသင်း ပရိသတ်များ၏ ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ရုပ်ပျက်ဆင်းပျက် နိုင်လှသော ဓာတ်ပုံများတွင် လူတစ်ဦးက အခြား တစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်နေသည်ကို တွေ့ရသလို မြင်းစီးရဲတပ်ဖွဲ့များက အခြေအနေကို ကြားဝင် ထိန်းသိမ်း ခဲ့ရသည်ကိုလည်း မြင်နိုင်မည် ဖြစ်သည်။ ထို့အပြင် အပြန်အလှန် အော်ဟစ်နေသည့် ပရိသတ်များကြားတွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်တန်းစီကာ စည်းခြား ထားသည့် မြင်ကွင်းကိုလည်း တွေ့ရှိရသည်။

လီဗာပူးလ် အသင်း ချယ်လ်ဆီးကို အရေးနိမ့်ချိန်တွင် မန်ချက်စတာစီးတီးက အီဒင်ဂျက်ကို၊ ယာယာတိုရေးတို့၏ ဂိုးများဖြင့် ခရစ္စတယ်လ် ပဲလေ့စ်ကို (၂)ဂိုးပြတ် အနိုင်ရခဲ့သည့်နောက် ချန်ပီယံပြေးလမ်းပေါ်တွင် လီဗာပူးလ်ထက် အတန်ငယ် အသာစီး အနေအထားမျိုးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
Ref:Dailymail
Soccer Myanmar