ဂျရတ်၏ အမှားကြောင့် ရာသီကုန်အထိ ရုန်းကန်ရတော့မည် ဂျရတ်၏ အမှားကြောင့် ရာသီကုန်အထိ ရုန်းကန်ရတော့မည် လီဗာပူးလ် ~ လီဗာပူးလ် ၀-၂ ချယ်ဆီး

ပို့စ်တင်ချိန် - 4/28/2014 12:03:00 PM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) လီဗာပူးလ်နှင့် ချယ်ဆီး ပွဲစဉ်တွင် ဧည့်သည်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဂျွန်ဆင်၊ ဖလာနာဂန်၊ စကာတယ်၊ ဆာခို၊ ဂျရတ်၊ အလန်၊ လူးကပ်စ်၊ ကော်တင်ဟို၊ စတာလင်၊ ဆွာရက်ဇ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။

ချယ်ဆီးတွင် ရှဝါဇာ၊ အက်ဇ်ပီလီကွိုင်တာ၊ အိုင်ဗန်နိုဗစ်၊ ကာလက်စ်၊ ကိုးလ်၊ လမ်းပတ်၊ မီခေးလ်၊ မာတစ်၊ ဆာလား၊ ဘား၊ ရှာရယ်လ်တို့ ပါဝင်ကစားခဲ့သည်။

ပွဲချိန် ၁၅ မိနစ်တွင် လီဗာပူးလ်က အခွင့်အရေး ရရှိခဲ့ပြီး ဆွာရက်ဇ် ဖြတ်တင်ပေးသည့် ဘောလုံးကို ဆာခို ကန်သွင်းရာ ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ယခုပွဲစဉ်တွင် ချယ်ဆီးသည် ခံစစ်ပိုင်းကို အဓိက အားပြုခဲ့သောကြောင့် လီဗာပူးလ် အနေဖြင့် တိုက်စစ်ဆင်ရာတွင် အခက်တွေ့ခဲ့သည်။ ပထမပိုင်း ၄၅ မိနစ်ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်တွင် ဂျရတ်၏ အမှားမှတစ်ဆင့် ဘောလုံး လွတ်လွတ်ကျွတ်ကျွတ် ရရှိသွားသည့် တိုက်စစ်မှူး ဒမ်ဘာဘားက ချယ်ဆီးအတွက် အဖွင့်ဂိုး ရယူခဲ့သည်။

ဒုတိယပိုင်းတွင် လီဗာပူးလ်က အခွင့်အရေး ပိုမိုရရှိခဲ့ပြီး ၅၉ မိနစ်တွင် ဂိုးဧရိယာထိပ်မှ အလန်၏ မြေမကျ အနိမ့်ဘော ကန်သွင်းချက်ကို ချယ်ဆီး ဂိုးသမား ရှဝါဇာ ကာကွယ်သွားခဲ့သည်။ ၆၁ မိနစ်တွင် ဘယ်ခြမ်းမှ ရှာရယ် ဆွဲပြေးပြီး ကန်သွင်းချက်ကိုလည်း မစ်ဂ်နိုလတ် ပုတ်ထုတ်ကာကွယ်ခဲ့သည်။ မိနစ် ၉၀ ပြည့်၍ နာကျင်အချိန်ပို ၃ မိနစ်တွင် ဆွာရက်ဇ်က အကောင်းဆုံး အခွင့်အရေးရခဲ့သော်လည်း ရှဝါဇာက အကောင်းဆုံး ကာကွယ်သွားသည်။ သို့သော် နာကျင်အချိန်ပို ၄ မိနစ်တွင် တန်ပြန်တိုက်စစ်မှ ဝီလျံက ဒုတိယဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် ချယ်ဆီးက လီဗာပူးလ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

Soccer Myanmar