SSPP / SSA တပ်ဖွဲ့များ ရှမ်းပြည်တပ်မတော်နေ့အတွက် ရွာသားများအား အဓမ္မ လူသစ်စုနေ

ပို့စ်တင်ချိန် - 4/28/2014 09:16:00 AM




ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အဖွဲ့များသည် ဌာနချုပ် ၀မ်ဟိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော ရှမ်းပြည်တပ်မတော် နှစ်(၅၀)ပြည့် ရွှေရတု အခမ်းအနားတွင် ၀င်ရောက် အင်အားပြနိုင်ရန်အတွက် မတ်လ နောက်ဆုံး အပတ်မှ စတင်ပြီး ကျေးရွာများမှနေ၍ ရွာသားများအား ဆင့်ခေါ်ခဲ့ကြောင်း သိရပါသည်။

ဝမ်ဟိုင်းဌာနချုပ် အနီးရှိ ဖာခီးကျေးရွာ၊ ၀မ်ဆော့ကျေးရွာ အပါအ၀င် အခြားရွာများမှ တစ်ရွာလျှင် ကျား (၁၀) ဦးနှင့် မ(၅)ဦးအား ဧပြီလ ၂၃ရက်နေ့မှ ၂၅ ရက်နေ့တွင် ၀မ်ဟိုင်း၌ ပြုလုပ်မည့် ရှမ်းပြည် တပ်မတော်နေ့ အခမ်းအနားသို့ မဖြစ်မနေတက်ရောက်ရမည်ဟု ပြောဆို၍ ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ယခင်နှစ် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော် တွင်လည်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)အဖွဲ့ဟာ ယခုကဲ့သို့ အကြောင်းပြချက်များဖြင့် လူ(၁၀၀၀)ကျော်ကို အဓမ္မ ခေါ်ဆောင် သွားပြီး လွယ်တိုင်းလျှံတွင် တပ်သားသစ်သင်တန်းပေးပြီး စစ်မှုထမ်းစေခဲ့ကာ ကျေးရွာ များသို့ ပြန်လည် စေလွတ်ပေးခဲ့ခြင်း မရှိခဲ့ပါ။ ထိုကဲ့သို့ အဓမ္မ စုဆောင်းခံရတဲ့ တပ်သားသစ်များထဲမှ အယောက် (၁၀၀)ကျော် ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ၄င်းတို့၏ ပြောပြချက်အရ အချို့မှာ ပြန်လည် ဖမ်းဆီးခြင်းခံရကာ၊ အချို့မှာ အသတ်ခံခဲ့ရကြောင်း သိရပါသည်။

ရှမ်းပြည်တပ်မတော်နေ့၊ ရှမ်းနှစ်ကူးပွဲနဲ့ ရှမ်းပြည်နယ်နေ့တွေဆိုရင် အားလုံးက ပျော်ရွှင်နေရမဲ့ အစား အခုဆိုရင် အဲဒီနေ့တွေနဲ့ နီးလာတာနဲ့ သွားတာလာတာကို သတိထားနေရတယ် ”ဟု ဒေသခံများမှ လည်း ဝေဖန်ပြော ဆိုလျက် ရှိပါသည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အဖွဲ့၏ ရှမ်းပြည်တပ်မတော်နေ့ တက်ရောက်ရန် ပြောကြား ထားသော ရွာများမှ မိသားစုများမှာ အခြားဒေသများသို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ လက်အောက်ခံ တပ်မှူးများနှင့် ငွေပေး ပြီး ညှိနှိုင်း၍ နေကြကြောင်း သိရှိရပါသည်။

စိုင်းလောဝ်
Myanmar Daily Star