သီလဝါဒေသခံတွေ ရတဲ့လျော်ကြေး JICA စံနှုန်းနဲ့ကွာနေလို့ ဂျပန်ကို တိုင်တန်းမယ်

ပို့စ်တင်ချိန် - 4/28/2014 12:32:00 PM


သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ဖို့ အစုရှယ်ယာတွေ ရောင်းမလောက်ဖြစ်နေချိန်မှာတော့ သီလဝါဒေသခံတွေရတဲ့ လျောကြေးဟာ JICA ရဲ့ စံချိန်စံညွှန်းနဲ့ ကွာခြားနေတယ်လို့ ဒေသခံတွေက ပြောဆိုလိုက်ပါပြီ။ လျော်ကြေးအပေါ် ဒေသခံတွေ အထွန့်မတက်ကြပါဘူးလို့ အစိုးရက ဘာ့ကြောင့်လိမ်နေတာလဲ။

ဇုန်စီမံခန့်ခွဲမှုကော်မတီက ပြောနေသလို စီမံကိန်းပထမအဆင့်ထဲက ဒေသခံတွေဟာ ဆန္ဒပြတာမလုပ်ဘဲ ကျေနပ်နေကြတယ်၊ စီမံကိန်းကို အောင်မြင်အောင် လုပ်ဆောင်နေပါတယ်လို့ မီဒီယာတွေကို ပြောနေပေမယ့် လက်တွေ့မှာတော့ ဒေသခံတွေဟာ ရန်ကုန်အစိုးရရဲ့ မတရားလုပ်မှုကို ခံနေရတယ်လို့ ပဒေသာမိုး အရပ်ဖက်အဖွဲ့အစည်းက ပြောလိုက်ပါတယ်။

JICA ရဲ့ စီမံကိန်းကို ကန့်ကွက်ဖို့ Examiners for the Objection Procedures on JICA’s Guidelines အဖွဲ့ဆီ တင်ပြသွားမယ်လို့ ဧပြီ ၂၇ရက်နေ့မှာ ဒေသခံတွေက ဆိုပါတယ်။ ဘာ့ကြောင့် ကန့်ကွက်တာလဲဆိုတော့ ဂျပန်နိုင်ငံက JICAရဲ့ စံချိန်စံညွှန်းနဲ့ လျော်ကြေးပမာဏ သိပ်ကွာခြားနေလို့ဖြစ်တယ်လို့ ဆိုပါတယ်။

အချိန် ၅လလောက်ယူပြီး ကန့်ကွက်ချက်ကို ပြင်ဆင်ပြီး တင်ပြရင်တော့ ဂျပန်ကနေ JICA ရဲ့ လုပ်ငန်းကို လမ်းညွှန်ချက်နဲ့ ညီမညီ လာစစ်ဆေးတဲ့အခါ ဘယ်လို ကွာဟချက်ရှိနေလဲ သိနိုင်မယ်လို့လည်း ဆိုပါတယ်။ စီမံကိန်းဧရိယာအတွင်းက ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အမှန်အတိုင်းသိစေဖို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ JICA ရဲ့ စံချိန်စံညွှန်းအတိုင်း လျော်ကြေးကိစ္စ ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းအစိုးရပြောတာကို ယုံစားမိခဲ့ပေမယ့် အခုထိ ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် အစီအစဉ်မလုပ်ပေးသလို နေရာသစ် ရွှေ့ပေးလိုက်ရတာကြောင့် ဝင်ငွေတွေမဲ့ပြီး အလုပ်တွေလည်း မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ပထမအဆင့် ဟက်တာ ၄ဝဝမှာတောင် ဒီလိုပြဿနာမျိုးဖြစ်နေတာကြောင့် နောင်လာမယ့် ဟက်တာ ၂ထောင်မှာပါတဲ့ ဒေသခံတွေ သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်ထားရမယ်လို့ ဦးမြကြိုင်က ဆိုပါတယ်။

Kamayut Media