အမေရိကန် ဒေါ်လာ၁ဒသမ ၆၇သန်း ကုန်ကျမည့် သားသတ်ရုံ မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည်

ပို့စ်တင်ချိန် - 5/23/2014 10:37:00 PM


ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ညွှန်ကြားချက်အရ အစားအစာလုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ သန်း ကုန်ကျမည့် ခေတ်မီ သားသတ်ရုံများကို မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

“စည်ပင်အနေနဲ့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ်ဆောက်ရမှာဖြစ်ပါတယ်။ အဓိကတော့ ဈေးနှင့်သားသတ်ဌာနက ဆောင်ရွက်သွားမှာပါ။ အဆောက်အအုံအတွက် နေရာလျာထားပြီးပြီဆိုတော့ နေရာသေချာပြီဆိုတာနဲ့ တင်ဒါခေါ်မယ်။ ပြီးရင် စက်ပစ္စည်း၊ ရေပေးရေးစနစ်တို့၊ ၀န်ထမ်းအိမ်ရာတို့ ထားရှိမှာဖြစ်ပါတယ်။ ၂၀၁၆ မှာ အပြီးတည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းသားသတ်ရုံတည်ဆောက်ပြီးစီးပါက နေ့စဉ် ကျွဲ၊ နွားအကောင်ရေ ၂၀၀ ခန့်သတ်နိုင်မည်ဖြစ်ပြီး အသားကိုလည်း အအေးခန်းဖြင့်ထားကာ စက်ဖြင့် အရေခွံခွာ၊ အသားထုတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ခေတ်မီသားသတ်စက်ရုံကို တောင်အင်းမြောက်အင်းတွင် တည်ဆောက်ပြီးပါက မန္တလေးမြို့ စိန်ပန်းရပ်ကွက်ရှိ သားသတ်ရုံကို မြို့နှင့်နီးသဖြင့် ထိုနေရာသို့ ရွှေ့ပြောင်းစေမည်ဖြစ်သည်။

မန္တလေးမြို့အပါအ၀င် ရန်ကုန်နှင့် နေပြည်တော်မြို့များ၌ ခေတ်မီသားသတ်ရုံတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ယခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ စီမံကိန်းကာလကို သုံးနှစ်သတ်မှတ်ထားသည်။ မန္တလေးမြို့တွင် တည်ဆောက်မည့် ခေတ်မီ သားသတ်ရုံကို တောင်အင်း မြောက်အင်းတွင် လျာထားပြီး စည်ပင်မှ အကုန်ကျခံတည်ဆောက်မည်ဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ် သိန်း ၅၀၀ ခန့်လျာထားသည်။

Mizzima Burmese