တာမွေအိုးရှင်းစူပါစင်တာအသစ် ရေနစ်မြုပ်၍ မီးသတ်မှ ကူရ – တာမွေအောင်ကို

ပို့စ်တင်ချိန် - 5/23/2014 08:16:00 AM



ရန်ကုန်မြို့တွင် မေ (၁၈)ရက် ညနေ (၄)နာရီမှ ည(၈)နာရီအထိ အဆက်မပြတ် ရွာချလိုက်သောမိုး ကြောင့် ရန်ကုန်ရှိ မြေနိမ့်ပိုင်း ရပ်ကွက် နေအိမ်များ အတွင်း ရေ၀င် ရောက်မှုများ ကြုံတွေ့ခဲ့ကြရသည်။ ဗဟန်းမြို့နယ်၊ တာမွေ လမ်းငါးခွ ဆုံရှိ Ocean Center (မဟာမေဒင် သင်္ချိုင်းနှင့်ကပ်လျက်)အောက်ဆုံး ကားပါကင် အထပ် တွင် ရေများဝင် ရောက်မှုကြောင့် ရပ်ထားသော ကားအချို့ နစ်မြုပ်ခဲ့ရပြီး အောက် ဆုံးထပ်တွင် ထားရှိသော ပစ္စည်းများလည်း ပျက်စီးခဲ့ရသည်။ ထိုအချိန်တွင်တိုက်ဆိုင်စွာ ပထမထပ်၌ညနေ ပိုင်းမှစ၍ အဆိုတော် Lဆိုင်းဇီ က မိုးသီချင်း သီဆိုအပြီး ရေများဝင် လာခဲ့ခြင်းလည်းဖြစ် ကာ အောက်ထပ် ကားပါကင် ရေနစ်ရာသို့ တာမွေ မီးသတ်မှ မီးသတ်ကားများဖြင့် ရေများ စုပ်ထုတ်ခဲ့ရသည်။ …

နှစ်စဉ်မိုးကြီးပြီဆိုလျှင် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးကုန်းမြင့် မှ စီးဆင်းလာသောရေများ အနိမ့် ပိုင်းရှိ အစ္စလာမ် သင်္ချိုင်း၊ (ယခင် တာမွေအ၀ိုင်းကြီး) ယခု လမ်းငါးခု ဆုံနေရာ Ocean Center နေရာနှင့် အောင်ချမ်းသာ အိမ်ရာ တို့တွင် ရေများ အောက်ထပ်နေအိမ်များအတွင်း ၀င်ရောက်မြဲဖြစ်သည်။ ယခု Ocean Center ကြီးတည် ဆောက်ပြီးတာ မွေလမ်းငါးခွဆုံ မီးပွိုင့်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိအောင် အဆောက်အအုံ၏ အောက်ဆုံး ထပ်အား ကားပါကင်ပြုလုပ်၍ တရုတ် အင်ဂျင်နီယာများဖြင့် စနစ်တကျ ဆောက်လုပ်ခဲ့ကြခြင်းက ယခုလို မိုးကြီးပြီဆိုလျှင် ရေများစုစည်းရာ သိုလှောင်ကန်ကြီးသဖွယ် ဖြစ်ခဲ့သည်။ ဈေးဝယ်ကားများ ပျက်စီး ဆုံးရှုံးခဲ့ ရသည်။ ဒီလို မြေပြင်မြေ အနေအထားနှင့် နှစ်စဉ်မိုးရာသီ ရောက်တိုင်း ရေကြီးမှုကြောင့် Ocean Ceter ဆောက်လုပ်မည့် ပတ်ဝန်းကျင် အောင်ချမ်းသာအိမ်ရာ နေအိမ်အောက်ခန်းများသို့ ရေ၀င်ရောက်မှုများကို တရုတ်အင်ဂျင် နီယာများ သတိမထားမိခဲ့သည်က စဉ်းစားစရာ တစ်ခုဖြစ်ခဲ့သည်။ တာဝန်ရှိသူများက ပြန်လည် သုံးသပ် လေ့လာဆန်းစစ်မှု ပြုလုပ်ရန်လိုမည်။ ဒီလိုနေရာမှာ မိုးတွင်းရောက် ရင် ရေလျှံမှုဖြစ်ပေါ်နေတာကို မြေ ကြီးတွေတူးပြီး စဆောက်စဉ်တုန်း ကတည်းက သတိထားသင့်တယ်။ တာမွေပလာဇာမှာလည်း မိုးတွင်း ရေကြီး လို့ အောက်ဆုံးမြေအောက် ကားပါကင်က ကားတွေ ရေမြုပ်တာ၊ အခု Ocean Center သူတွေ က တရုတ် ပညာရှင်တွေနဲ့ ဆောက်တာဆိုတော့ သူတို့ နည်းပညာတွေ နဲ့ဆို ဒီလိုမဖြစ်လောက်ဘူး ထင်ခဲ့ တာ။ အတု ယူပြင်စရာတော့ လိုနေပြီ။ တာဝန်ရှိသူတွေကလည်း မိုးရာသီရောက်တိုင်း ဒီလိုရေကြီးတဲ့ နေရာတွေကို မပြော ပြခဲ့မိဘူးထင်တယ်ဟု သုံးသပ်ပြောဆိုလျက် ရှိနေကြသည်။

စူရတီစွန်နီ မဟာမေဒင် သင်္ချိုင်းကော်မတီအတွင်းရေးမှူး ဦးတင်ရွှေက““သင်္ချိုင်းကို လှူသွားတဲ့ မူလာ အဖွဲ့ရှိ ခဲ့တယ်။ သင်္ချိုင်းကြီးကို လက်ရှိအစိုးရက ပိတ်ထားတယ်။ မြှုပ်လို့လည်းမရ။ မဟာမေဒင် သင်္ချိုင်းဆိုပြီး ဂရန် ထွက်ထားတာပါ။ လှူထားတာပါ။ သူက လူနာမည်မရှိပါဘူး။ ဟိုတုန်းက ဂျမားခေတ်ကတည်းက Ocean Center နေရာ သင်္ချိုင်းမြေထဲ မပါပါ။ ဟိုတုန်းက ခွဲပြီးတော့ မပါဘူး။ ဟိုတစ်လောက စည်ပင်တွေလာတိုင်း တယ်။ လှူထားတဲ့ သူတွေလည်း ပါတယ်””

တာမွေ စူရတီစွန်နီမေဒင် အစ္စလာမ်သင်္ချိုင်းအား လှူဒါန်းထားသူ၏ မြေးဖြစ်သူ ဦးရှာဟစ် က ““သင်္ချိုင်းကို လှူထားတဲ့ပိုင်ရှင်ပါ။ Ocean Center က ကျွန်တော် တို့လှူထားတဲ့ သင်္ချိုင်းမြေမဟုတ်ပါဘူး။ ကျွန်တော်တို့ မြေပုံအရ ကျွန်တော်တို့မြေနဲ့ ကွက်တိပါပဲ။ City Mart တို့ ဘာတို့နဲ့က မဆိုင်ဘူး။ ကျွန်တော်တို့မြေက (၁၇) ဧက ပြည့်ပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အိုးရှင်းရုံးချုပ်မှ ဦးအောင မော်(ရုံးအဖွဲ့/မော်တော်ယာဉ်ဌာန) က ရေနစ်မြုပ်သွားသော ကားများ နှင့်ပတ် သက် ၍ ““ ပထမကျွန်တော်တို့ ရေတွေတက်လာတဲ့ အချိန်မှာ ယာဉ်ပိုင်ရှင်တွေကို လိုက်လံသတိ ပေးပါတယ်။ ကား အချို့ကတော့ ကျန်ခဲ့တာပေါ့။ ကျွန်တော်တို့ရဲ့ MD ကလည်း သူတို့ကားတွေ ပျက်စီး သွားမှုကို စိတ်ကျေနပ် အောင်လုပ် ပေးပါဆိုတော့ ကျွန်တော်တို့လုပ် ပေးခဲ့ပါတယ်။ ကားဘယ်နှစီးထိခိုက် သွားတယ်ဆိုတာကိုတော့ ကျွန် တော်ပြောလို့မရဘူး။ မန်နေဂျာတို့ကို တင်ပြပြီးမှ ပြောလို့ရမှာပါ””ဟု မြန်မာသံတော်ဆင့်သို့ပြောသည်။

အိုးရှင်းနှင့် နီးကပ်လျက် သင်္ချိုင်းဘက်မှ ရေများဝင်လာခြင်း ရှိ၊ မရှိကိုလည်း ““ကျွန်တော်က အဲဒီလိုဖြစ်တာ ကျွန်တော်မသိတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ရေ၀င်ခြင်း မ၀င်ခြင်းဆိုတာ ကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ဘက်က မော်တော်ယာဉ်ဘက်အပိုင်း၊ ဘယ်ကနေ ဘယ်လိုဝင်လာတယ်ဆိုတာ တော့ ကျွန်တော်လည်း သေချာ မသိဘူး။ ရေ၀င်တာကိုတော့ သိတယ်””ဟု ၎င်းက ဆက်၍ပြောသည်။

မေလ ၂၁ ရက် နံနက်တွင် မိုးသည်းထန်စွာ ရွာသွန်းချိန်၌မူ အိုးရှင်းအောက်ထပ်သို့ ရေများ ၀င်ရောက်ခြင်း မရှိတော့ဘဲ ကားပါကင်ဝင်ပေါက်၌ သဲအိတ်များ ထား၍ ကြိုတင်ကာကွယ် ကန့်သတ်ထားခြင်းများ ရှိခဲ့သည်။

တာမွေအိုးရှင်းစင်တာနှင့် ကပ်လျက်ရှိ စူရတီစွန်နီ မဟာမေဒင် သင်္ချိုင်းသည် (၁၉၂၁)ခုနှစ်တွင် စတင်ဖွင့် လှစ်သင်္ဂြိုဟ်ခဲ့ပြီး ၁၀-၂- ၁၉၉၈ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တာမွေ လမ်းနှင့် ရွှေဂုံတိုင်လမ်းထောင့်တွင် တည်ရှိ ပြီး ၎င်းအစ္စလာမ်သင်္ချိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များထဲတွင် ပါဝင်သည့် ဦးရာဇတ်၊ ရဲဘော် ကိုထွေး အပါအ၀င် ဇဖားရှားဘုရင်၏ မြေးစသည့် အထင်ကရ ပုဂ်္ဂိုလ်ကြီးများ၏ဂူဗိမာန်များ ယခု ထက်တိုင် တည်ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံကုန်သည် စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်၏ ဒဂုံစင်တာ(မြေနီကုန်း)သည်လည်း အောက် ထပ်ကားပါကင်သို့ မိုးတွင်း ရေများဝင်၍ ကားများ နစ်မြုပ်ခဲ့ သောဖြစ်စဉ် ၂၀၀၆ခုနှစ် ၀န်းကျင် က ဖြစ်ပွားခဲ့ သည်။

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ အတွဲ(၂)၊ အမှတ်(၂၄) မြန်မာသံတော်ဆင့် အပတ်စဉ်သ တင်းတွင် ““တာမွေငါးခွဆုံ၌ ယာဉ်ကြောပိတ်နိုင်သည့် အဆောက်အအုံကြီး””ခေါင်းစီးဖြင့် ၃ ထပ် Basement မြေ အောက်ထပ် အပါအ၀င် အဆောက်အအုံကြီးတစ်ခုအား ခေတ်မီအဆင့်မြင့်နည်းပညာ များဖြင့် ဆောက်လုပ် နေခြင်း၊ ဆောက်လုပ်ခွင့်ကို မြို့တော်စည်ပင် ခွင့်ပြုချက်ဖြင့် လိုင်စင်ရ အင်ဂျင်နီယာ ဦးတင်ထွန်းနိုင်က တာဝန် ယူဆောက်လုပ်သည်ဟု ကြော်ငြာ ဆိုင်းဘုတ်တွင် ဖော်ပြထားသော်လည်း CNQC တရုတ်ကုမ္ပဏီ ဆောက် လုပ်ရေးအင်ဂျင်နီယာများဖြင့် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ကျူးကျော် အိမ်များ ဖယ်ရှား၍ အောင်ချမ်းသာ အိမ်ရာတွင် နေရာချထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုလိုအဆောက် အအုံကြီးများ ရန်ကုန်မြို့ ထင်သာ မြင်သာနေရာများတွင် တည်ဆောက်သင့်သော်လည်း လမ်းဆုံ လမ်းခွ မီးပွိုင့်ဆုံရာ နေရာ များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ် လာစေသည့်အတွက် မြေအောက် ကားပါကင်များ ထားရှိ ပါက လည်း ကားအ၀င်အထွက်များကြောင့် ယာဉ်ပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာ နိုင်ကြောင်းဖြင့် သတိပေးဖော်ပြခဲ့ ဖူးသည်။

မြန်မာသံတော်ဆင့်