ယာဉ်ထိန်းရဲကို တာဝန်ချိန်အတွင်း အပြင်းအထန်နာကျင်အောင်ပြုလုပ် သည်ဟု စွပ်စွဲချက်ဖြင့် သရုပ်ဆောင် နေသူရိန်နှင့် မိသားစုဝင်တို့ကို ၃ လကျော်အကြာမှ ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 5/23/2014 05:47:00 PM



ယာဉ်ထိန်းရဲ၏ တာဝန်ချိန်အတွင်းအပြင်းအထန် နာကျင်အောင်ပြု လုပ် နှောင့်ယှက်သည်ဟု စွပ်စွဲချက်ဖြင့် သရုပ်ဆောင်နေသူရိန်နှင့် ၎င်းမိသားစုဝင်တို့ကို မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ပြဿနာဖြစ်ပွားပြီး ၃ လကျော်အကြာ မေလ ၁၂ ရက်နေ့တွင် ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါ ရီလ ၉ ရက်နေ့က မင်္ဂလာတောင်ညွန့်
မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းဆုံတွင် တာဝန်ကျသည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး သောင်းဒန် နှင့် သရုပ်ဆောင်နေသူရိန် တို့ ဖြစ်ပွားခဲ့သည့်ပြဿနာအတွက် မင်္ဂလာတောင်ညွန့်ရဲစခန်းမှ သရုပ်ဆောင် နေသူရိန်မိသားစုကို ၃ လ နှင့် ၂ ရက် ကျော်အကြာတွင်မှ ထိုသို့ ဖမ်းဆီးအရေးယူလိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖမ်းလိုက်သော ပုဒ်မက ပုဒ်မ ၃၃၃ (တာဝန်ထမ်းဆောင်နေချိန်ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှု) ဖြင့်ဖြစ် သည်ဟု ထိုရဲစခန်းက ပေါ်ပြူ လာနယူးစ်သို့ အတည်ပြုပြောသည်။

ဖြစ်စဉ်မှာ၂ဝ၁၄ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၃ဝ မိနစ် အချိန်ခန့်နှင့် ဖေဖော်ဝါရီလ ၁ဝ ရက် နေ့ ညနေ ၆ နာရီ ၃ဝ မိနစ်အချိန်တို့တွင် သရုပ်ဆောင်နေသူရိန်နှင့် ယင်းမိသားစုကအုပ်စုဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့် ဒဏ်ရာများရရှိခဲ့သည်ဟုဆို၍ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးသောင်းဒန်၊ ကိုယ်ပိုင်အမှတ်- လ/ ၁၉၇၇၅၄ က ဥပဒေပုဒ်မ ၃၃၂(ပြည်သူ့ တာဝန်ထမ်းဆောင်နေချိန်အတွင်း သာမန်နာကျင်စေမှု) ဖြင့် မင်္ဂလာ တောင်ညွန့်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ နေသူရိန်တို့ဘက်မှလည်း တပ်ကြပ်ကြီး သောင်းဒန်အား ဥပဒေ ပုဒ်မ ၃၂၅ ဖြင့် (မည်သူမဆိုတုံးသောလက်နက်ဖြင့်သာနာကျင်စေမှု) ၎င်းတို့ကို လက်ရောက်ကျူးလွန်သည်ဟု ဆိုပြီး ပြန်လည်အမှုဖွင့်ခဲ့သည်။ ယာဉ်ထိန်း တပ်ဖွဲ့မှူးက ''ဘယ်သူမဆို ဥပဒေရဲ့ဆုံးဖြတ်မှုအတိုင်းပဲလို့ အမှု စဖြစ် တဲ့ ဖေဖော်ဝါရီလကတည်းကိုက ကျွန်တော်တို့ပြောပြီးသားပါ။ တပ်ဖွဲ့ဝင် ဘက် ကိုလည်း မကာဘူး၊၊ ဟိုဘက်ကို လည်းမလိုက်ဘူး''ဟု မှတ်ချက်ပြုသည်။

ပြည်ထဲရေးဝန်ကြီးဌာန စိတ်ဝင်စားခဲ့သော အမှုတစ်ခုဖြစ်ခဲ့သည့် ယင်းအမှုနှင့်ပတ်သက်ပြီးဆက်နွှယ်သူနှစ်ဖက်စလုံးက သူမှန်သည် ကိုယ်မှန်သည်ဟု အစပထမပိုင်းတွင် အငြင်းပွားခဲ့ကြသေးသည်။
ယင်းကြောင့် တာဝန်ရှိသူတို့ ကိုယ်တိုင် ဆက်နွှယ်သူနှစ်ဖက်စလုံးကို သီးခြားစီတွေ့ကာ စစ်ဆေးမှုအချို့ပြု လုပ်ခဲ့ရသေးကြောင်း သိရသည်။

သို့သော်အခင်းဖြစ်ပြီး ကနဦးအမှု ဖွင့်ထားသော ပုဒ်မ ၃၃၂ အစားအမှုပို ကြီးသော၊ အာမခံမရှိသည့် ပုဒ်မ ၃၃၃ ဖြင့် ယခုမေလ ၁၂ ရက်နေ့တွင် သရုပ် ဆောင် နေသူရိန်၊ ၎င်း၏ ဖခင်၊ မိခင်နှင့် နေသူရိန်၏ နောက်လိုက်တို့ကို၊ ယင်း ပုဒ်မဖြင့် ချက်ချင်းပြောင်းဖွင့်ပြီး အင်းစိန် ထောင်သို့ပို့ခဲ့ကြောင်း သိရသည်။ ယင်းအပြင် နေသူရိန်တို့ဘက်က တပ်ကြပ်ကြီး သောင်းဒန်ကို စွပ်စွဲအမှု ဖွင့်ထားသော ပုဒ်မ၃၂၅ အစား ပုဒ်မ ၃၂၃ (သာမန် နာကျင်စေမှု)ကို ဥပဒေ ရုံးဘက်က ပြန်ပြောင်းသင့်ကြောင်း အကြံပြုခဲ့သဖြင့်ရဲက ပြောင်းလဲခဲ့သည် ဟု ရဲမှတ်တမ်းများအရ သိရသည်။

မင်္ဂလာတောင်ညွန့် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''ရဲကနေပြီးတော့ ဥပဒေရုံးဘက်ကို တင်ပြတယ်။ ဥပဒေ ရုံးက ညွှန်ကြားတဲ့အတိုင်း အမှုပုဒ်မကို ပြောင်းလိုက်တာပါ''ဟု ပြောသည်။ သရုပ်ဆောင်နေသူရိန်၏ ဗီဒီယို ထုတ်လုပ်ရေးအားသွားရောက်စုံစမ်းရာတွင် မင်္ဂလာတောင်ညွန့် ရဲစခန်းကိုသာ မေးကြည့်ပေးပါဟုသာ ဖြေကြားခဲ့သည်။

မီးပွိုင့်တွင် ဖရီးယာဉ်ကြောအတိုင်း ညာဘက် သိမ်ဖြူလမ်းကို မကွေ့ဘဲ တည့်တည့်ထွက်လာသည်ကို တာဝန်ကျ ရဲတပ်ကြပ်ကြီးက တားဆီးခဲ့ရာမှ တစ်ဆင့် ဖြစ်ပွားခဲ့သည့်အမှုတွင် နေ သူရိန်တို့ဘက်မှ ဖိနပ်ဖြင့်ရိုက်ခြင်း၊ တံမြက်စည်းနှင့် ရိုက်ခြင်း၊ ဆောင့်တွန်း ခြင်း၊ ယူနီဖောင်း ဆောင့်ဆွဲခြင်း တို့ကို တောင်းပန်နေရင်းတန်းလန်း ပြုလုပ်ခဲ့သည်ဟု ယာဉ်ထိန်း ရဲတပ်ကြပ်ကြီး သောင်းဒန်က အခင်းဖြစ်ပွားပြီးနောက် ပေါ်ပြူလာနယူးစ် သို့ ပြောကြားဖူး သည်။

သရုပ်ဆောင်နေသူရိန်တို့ဘက်မှ တပ်ကြပ်ကြီးကို အမှုဖွင့်ထားမှုကို ရဲက လတ်တလောတွင် မစစ်သေး သော်လည်း မကြာမီ စစ်မည်ဟု မင်္ဂလာ တောင်ညွန့်ရဲစခန်းက ထပ်လောင်းဆိုသည်။ သမ္မတဦးသိန်းစိန် အစိုးရလက် ထက်အတွင်း တာဝန်ထမ်းဆောင်နေ သော ယာဉ်ထိန်းရဲ ၅ ဦးထက်မနည်းမှာ စကေဘာဖြင့် အထိုးခံရခြင်း၊ လက်သီး ဖြင့် အထိုးခံရခြင်း၊ အရိုက်ခံရခြင်းများ ရှိခဲ့သည်။ ယင်းကဲ့သို့ဖြစ်တိုင်း ကျူး လွန်သူကို ရဲက ဖမ်းဆီးပြီး တရားစွဲဆို မှုတို့ ပြုခဲ့ကြသည်။

ယခင်ကလည်း အငြိမ်းစား တပ်မတော်အစိုးရခေါင်းဆောင်၏ မြေးဖြစ်သူက ယာဉ်ထိန်းရဲတစ်ဦးကို တာဝန်ချိန်အတွင်း ကိုယ်ထိလက်ရောက် နှောင့်ယှက် မှုပြုခဲ့ကြောင်း အင်တာနက်စာမျက်နှာတွင် ပျံ့နှံခဲ့ဖူးသည်။

PN-051 ၊ ဇေဝေယံ

Popular Myanmar News Journal