မိုးသီးဇွန် ပြည်တွင်းမှ ပြန်လည်ထွက်ခွာမည်

ပို့စ်တင်ချိန် - 5/23/2014 09:42:00 PM


ရန်ကုန်၊ မေ ၂၃။

မြန်မာနိုင်ငံ ရောက်ရှိနေသည်မှာ ၈လခန့် ကြာမြင့်နေပြီဖြစ်သည့် အမေရိကန်နိုင်ငံသား ခံယူထားသူ မိုးသီးဇွန်ကို ဗီဇာသက်တမ်း ဆက်လက်
တိုးပေးခြင်း မရှိသောကြောင့် လာမည့် မေလ ၂၅ ရက်တွင် ပြည်တွင်းမှ ပြန်လည် ထွက်ခွာတော့မည် ဖြစ်ကြောင်း သိရသည်။

မိုးသီးဇွန် က “ထိုင်းကို တနင်္ဂနွေနေ့ မနက်သွားဖို့ စီစဉ်ထားပါတယ်၊ ဟိုရောက်ရင် မြန်မာသံရုံးမှာ ဗီဇာလျှောက်ပြီး အမြန်ဆုံးပြန်ရဖို့ မျှော်လင့်တယ်၊
ဒီမှာရှိနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နိုင်ငံရေးအခြေအနေတွေအားလုံးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါတယ်” ဟု
ယနေ့မနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်ကတည်းက ၎င်း၏ ဗီဇာသက်တမ်း ကုန်သွားခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ သတင်းပို့ထားခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘဲ
နိုင်ငံသားအဖြစ် လျှောက်ထားသည့် ကိစ္စမှာလည်း ထူးခြားမှု မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဗီဇာသက်တမ်းရက် ကျော်လွန်နေတာကြောင့် ထွက်ခွာဖို့ကို Myanmar Peace Center က တဆင့် အကြောင်းကြားလာတော့ အဲဒီက တာဝန်ရှိသူတွေနဲ့
ဆွေးနွေးပါတယ်၊ ရက်ကျော်ကြေး တစ်ရက် သုံးဒေါ်လာပေးပြီး ဆက်နေလို့ရပေမယ့် အဲတာကိုလည်း လက်မခံချင်တဲ့သဘော တွေ့ရပါတယ်”ဟု
မိုးသီးဇွန်က ပြောသည်။

ပြည်တွင်း၌ နေထိုင်စဉ်ကာလများတွင် မြောက်ပိုင်းလူသတ်သမားအဖြစ်လည်းကောင်း၊ ၂ဝဝ၇ သံဃာ့အရေးအခင်းတွင် တာလီဘန်များနှင့် ပေါင်း၍
သံဃာများအား သတ်ဖြတ်ရန် ကြံစည်ခဲ့သူဟု လည်းကောင်း ပြောဆိုနေမှုများနှင့် ပတ်သက်၍ စွပ်စွဲနေမည့်အစား တရားဝင် တိုင်ကြားနိုင်ကြောင်း
ABSDF ဥက္ကဌဟောင်း က ဆက်လက်ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ “အကုန်လုံးက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ကို ပြောနေကြတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ဦးသိန်းစိန်ပဲ
အုပ်ချုပ်ချုပ်၊ မင်းအောင်လှိုင်ပဲ အုပ်ချုပ်ချုပ်၊ ဒေါ်စု ပဲ အုပ်ချုပ်ချုပ် ဂရုမစိုက်ဘူး၊ အုပ်ချုပ်လို့ရတယ်၊ ဒါပေမယ့် Concert ကိုပဲ ပြောင်းဖို့လိုတယ်၊ အဲဒီ Concert ကို
ကျွန်တော်တို့ သိဖို့လိုတယ်၊ အဲတာက ဘာလဲဆိုတော့ နံပါတ်တစ်က နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးဖို့၊ နံပါတ်နှစ်က တိုင်းရင်းသားအခွင့်အရေးပါ၊
တိုင်းရင်းသားတွေက သူတို့ကိုယ်ပိုင် ပြဌာန်းခွင့် အုပ်ချုပ်ခွင့်ရှိရမယ်၊ နံပါတ်သုံးအနေနဲ့ တပ်မတော်က စီပွားရေး၊ နိုင်ငံရေးတွေမှာ အခွင့်ထူးခံ လုပ်နေတာတွေကို
ရုတ်သိမ်းပေးဖို့ပါ”ဟု မိုးသီးဇွန်က သုံးသပ်ပြောဆိုသည်။

မိုးသီးဇွန် အနေဖြင့် လက်ရှိအချိန်တွင် စက်မှုဇုန်သုံးတွင် နိုင်ငံရေးအကျဉ်းသားများ၏ ကလေးများကို အင်္ဂလိပ်စာနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များ
သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“ဗီဇာပြန်ရဖို့က ကြာနေမယ်ဆိုရင်တော့ ထိုင်း ကနေ အမေရိကန်နိုင်ငံ နယူးယောက်အထိ ကျွန်တော်ပြန်မှာပါ” ၎င်းက ဆက်လက်ပြောသည်။

ထက်နောင်နောင်
The Myanma Age