လေယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့သော MAI မှလေယာဉ် လေကြောင်းလိုင်းတွင် ပြန်လည် ပြေးဆွဲတော့ မည်မဟုတ်

ပို့စ်တင်ချိန် - 5/23/2014 08:15:00 PM


ရန်ကုန် မေ ၂၁

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)နှင့် ရွှေမြန်မာ လေကြောင်းလိုင်း (Golden Myanmar) မှ လေယာဉ်တို့ မတော်တဆမှု ဖြစ်ပွားခဲ့ရာ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း (MAI) မှ အဆိုပါ လေယာဉ်ကို ခရီးစဉ်များ ပြေးဆွဲရာတွင် ပြန်လည်အသုံးပြုတော့မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ဈေးကွက်နှင့် လူမှု ဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားခဲ့သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီ ၁၄ ရက် နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်က Golden Myanmar Airline (GMA)မှ A-320ç XY-AGT လေယာဉ်သည် လေယာဉ်ရွှေ့ပြောင်းရန် ဆွဲလာစဉ် Bay-8 တွင် ညအိပ်ရပ်နား ထားသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI), A319, Airbus XY-AGR ကို မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ရာ အပြည်ပြည် ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI) အနေဖြင့် ၄င်းတို့၏ လေယာဉ်ကို ခရီးစဉ်များအတွင်း ပြန်လည် ပြေးဆွဲတော့မည် မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် အာမခံ ကုမ္ပဏီများနှင့် ဆွေးနွေး ညှိနှိုင်း လျက်ရှိကြောင်း သိရသည်။

''လေယာဉ် ပြင်ပြီးရင်လည်း လေယာဉ်ကုမ္ပဏီနဲ့ တိုင်ပင်ပြီးတော့ လေယာဉ်ကို ပြန်ရောင်းချင်ရင် လည်းပြန်ရောင်းမယ်။ ဒါပေမဲ့ မတော်တဆ ဖြစ်ပြီးသား လေယာဉ်ကိုတော့ ပြန်မသုံးတော့ပါဘူး။ အခုအာမခံ ကုမ္ပဏီနှစ်ခုနဲ့ လေယာဉ်လျော်ကြေး ကိစ္စတွေဆွေးနွေး နေပါတယ်။

လေယာဉ်ပြင်ဖို့ တွေကတော့ လေယာဉ်ကုမ္ပဏီနဲ့ တိုင်ပင်ပြီး လုပ်မှာပါ'' ဟု အပြည်ပြည်ဆိုင် ရာ မြန်မာ လေကြောင်းလိုင်း (MAI)မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားခဲ့သည်။

''အခု Airbus ကုမ္ပဏီကလာပြီး စစ်ဆေးနေပါပြီ။ ပထမမျက်မြင် စစ်ဆေးနေပါတယ်။ နောက်ကိုယ်ထည်တို့၊ ဘီးတို့ကို စစ်ဆေးပါမယ်။ အဲဒီလိုစစ်ဆေးပြီး နှစ်ပတ်အကြာမှာ ပြင်ရင် ဘယ်လောက် ကျမယ်ဆိုတာ သိရမှာပါ။ သူတို့က ငါးယောက်လာ စစ်တာပါ။

ပြင်ဆင်စရိတ် ဘယ်လောက်ကုန်မလဲတော့ မသိဘူး။ အခုစစ်ဆေးခတင် အမေရိကန် ဒေါ်လာ သုံးသိန်းလောက် ကုန်နေပါပြီ'' ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) မှ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အနေဖြင့် လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပအာမခံ ဌာနများနှင့် လေယာဉ် ထုတ်လုပ်သည့် Airbus Company များသို့ ဆက်သွယ် အကြောင်းကြား၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ဆဲဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကို တွက်ချက်နေဆဲ ဖြစ်ကြောင်းနှင့် လက်ရှိတွင် လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာမခံထား ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများက စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ဇာညီသစ္စာ
မြ၀တီ