ရေးမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးနှင့် တူတော်စပ်သူကို အဓမ္မကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီး

ပို့စ်တင်ချိန် - 5/23/2014 08:32:00 PM


မော်လမြိုင်၊ မေ ၂၁

မွန်ပြည် ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးရဲလွင်နှင့် ၎င်း၏ တူတော်စပ်သူကို အဓမ္မ ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း  မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

မေလ ၁၅ ရက်နေ့က ကျောင်းရွာ ကျေးရွာအုပ်စု ကန်လှကျေးရွာတွင် ရေးမြို့နယ် NLD နာယက ဦးရဲလွင်သည် တစ်ရွာတည်း နေထိုင်သူအသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မကြံစည်သည်ဟု တိုင်ကြားခံရသဖြင့် စစ်ဆေးလျက်ရှိစဉ် မုဒိမ်းကျင့် ကြံစည်သည်ဟု စွပ်စွဲခံရသူ၏ နေအိမ်တွင် မေလ ၁၆ ရက်နေ့ ည ၇ နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာတွင်း ပဋိပက္ခမဖြစ်စေရေးအတွက် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဦးရဲလွင်၏ တူတော်စပ်သူ ဦးအောင်မျိုးလွင်ထံမှ M-16 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ကတ်များနှင့် ဆက်သွယ်ရေး ကိရိယာများကို မေလ ၂၀ ရက်နေ့က သိမ်းဆီးရမိခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

အဓမ္မ ကြံစည်မှုဖြင့် တိုင်ကြားခံရသူကို ကျောင်းရွာရဲစခန်း၌ စစ်ဆေးလျက်ရှိစဉ် ဒေသခံ ကျေးရွာသားများ စခန်းရှေ့သို့ ရောက်ရှိလာပြီး ရန်ပြုခဲ့ခြင်းကြောင့် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ပြည်နယ်၊ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ ကိုယ်တိုင် ဖြေရှင်းပေးခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောဆိုသည်။

ဦးအောင်မျိုးလွင်သည် ကျေးရွာအတွင်း သေနတ်တစ်လက် ကိုင်ဆောင် သွားလာလေ့ ရှိသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ယင်းအချိန်က ဖမ်းဆီးခြင်း မရှိဘဲ ဦးလေးတော်စပ်သူ အဓမ္မမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ သို့သော် ပြစ်မှုထင်ရှားပါက ပါတီစည်းကမ်းအရ ထုတ်ပယ်မည် ဖြစ်ကြောင်း ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။

ဒီကိစ္စတွေက ပါတီနဲ့တော့ မသက်ဆိုင်ဘူး၊ ပါတီဝင်တိုင်း ကောင်းတယ်လို့လည်း မဆိုလိုပါဘူး။ သူတို့တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တယ် 

ဟု ၎င်းကပြောဆိုသည်။

လက်ရှိအချိန်၌ အဓမ္မကြံစည်သည် ဟု စွပ်စွဲခံရသူကို ရေးမြို့နယ် ရဲစခန်းတွင် ပ- ၁/၂၀၁၄၊ ပစ်မှုဆိုင်ရရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်လည်းကောင်း၊ ဦးအောင်မျိုးလွင်ကို ပ- ၅၉/၂၀၁၄ လက်နက် အက်ဥပဒေ ၁၉(စ) ဖြင့် အမှုဖွင့်ထားသည့်အပြင် တားမြစ်ထားသည့် ဆက်သွယ်ရေး စက်များ တွေ့ရှိခဲ့ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေ (၆၇) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

Written by  The Voice Weekly