တရုတ်နှစ်ဦးအား ဖမ်းဆီးမှုဖြင့် ကုမ္ပဏီက ဒေသခံများကို အမှုဖွင့်

ပို့စ်တင်ချိန် - 5/23/2014 09:14:00 PM


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသည့် NORBE-MCO ကုမ္ပဏီ၏
ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သော ဒေသခံ ခုနစ်ဦးအား ဆားလင်းကြီးမြို့နယ်
မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် တိုင်ကြားထားကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ မှ စီမံခန့်ခွဲရေး
မန်နေဂျာ မစ္စတာ ဒေါင်ယွန်ဖီက ပြောသည်။

"ဘယ်သူမဆို ဥပဒေကို ချိုးဖောက်ရင် ဥပဒေကြောင်းအရ အရေးယူရမှာပဲ။ ဒီလိုမလုပ်ရင်
ကျန်တဲ့သူတွေကလည်း အဲဒီအတိုင်း လိုက်လုပ် နေမှာပေါ့။ အခု မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ
ေေေ ေ ဖ်ာဆောင်နေပြီပဲ။ ဒီမိုကရေစီနိုင်ငံမှာလည်း စိတ်ကြိုက်လုပ်ချင်တာ လုပ်လို့မရဘူး။ ဥပဒေကို
  လေးစားလိုက်နာရမှာပဲ"ဟု မစ္စတာ ဒေါင်ယွန်ဖီက ပြောသည်။

မေလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း
မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော တရုတ်နိုင်ငံသား ဖြစ်ကြသည့် Mr.Lu Yunan
Hao နှင့် Mr.Miao Jie တို့အား ဒေသခံ ရွာသားများက ဖမ်းဆီးခေါ်ဆောင်ခဲ့ဟု မြန်မာ ၀မ်ပေါင်
ကုမ္ပဏီနှင့် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကြောင့် ရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား အပြန်အလှန် တိုက်ခိုက်မှုများ
  ဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ရွာသားများနှင့်
  တွေ့ဆုံဆွေးနွေးပြီး နောက် မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံထားရသော
တရုတ်နိုင်ငံသား နှစ်ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လက်ထောက် အထွေထွေ
မန်နေဂျာ ဦးကျော်ဇေယျက ဆည်တည်းရွာဟောင်းနေ မရီရီဝင်း၊ ကိုသိန်းအောင်၊ မခင်ငြိမ်း၊
မ၀င်းဝေးဌေး၊ မစမ်းမော်၊ မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂအဖွဲ့ ဖြူနှင်းထွေးတို့အား ခိုးယူခြင်းခံရသူကို ၀ှက်သိမ်းမှု၊ ချူပ်နှောင်ထားမှု ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၃၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သို့သော် ၎င်းတို့ကို အမှုဖွင့်ခံထားရကြောင်း အသိပေးထားပြီး ယနေ့အချိန်အထိ ခေါ်ယူ
စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

"အမှန်တော့ ရွာသားတွေက တရုတ်လူမျိုး နှစ်ယောက်ကို ဖမ်းဆီးတာမျိုးမဟုတ်ပါဘူး။
  လျော်ကြေးမယူထားတဲ့ လယ်သမားတွေရဲ့ မြေပေါ်မှာ မြေတိုင်းတာတွေ လာလုပ်လို့ ဘာကြောင့်
မြေလာတိုင်းရတဲ့ အကြောင်းရင်းကိုမေးတာ။ ရွာသားတွေက သူတို့နဲ့ဆွေးနွေးဖို့ မူလတန်းကျောင်း
လေးကို ခေါ်သွားတာ။ ဒါကို အပြင်မှာ ရွာသားတွေက ဖမ်းသွားတယ်လို့ သတင်းလွှင့်ရာကနေ
အခုလို အကြမ်းဖက်မှု တွေဖြစ်သွားတာ"ဟု ရန်ကုန်ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ
လက်ပံတောင် စီမံကိန်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောသည်။

၂၀၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် တရုတ်နိုင်ငံသားများ
ဖမ်းဆီးခံရမှုနှင့် ဆက်နွှယ်နေသူများအား အမှုဖွင့် အရေးယူဖမ်းဆီးမှုများ မပြုလုပ်ရန်တောင်းဆိုခဲ့
သော်လည်း ဖမ်းဆီးထိန်းသိမ်းထားသူများအား အင်အားသုံး ၀င်ရောက်ကယ်ဆယ်ခြင်းပြုလုပ်ပါက
ဒေသခံများ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် ညှိနှိုင်းမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ဒေသခံများ၏
လုပ်ရပ်များသည် ဥပဒေမဲ့လုပ်ရပ်များဖြစ်သဖြင့် ဥပဒေနှင့် အညီ ဆက်လက်အရေးယူရမည်
ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒေသခံများကမူ အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဥပဒေအရ အရေးယူပါက ဆက်လက်
ရင်ဆိုင်သွားမည်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် မြေလျော်ကြေး ယူထားခြင်း မရှိသည့် မြေပေါ်တွင်
  ခြံစည်းရိုးခတ်ခြင်း၊ အဆောက်အအုံများ ဆောက်ခြင်း၊ မြေစာပုံခြင်းများ မပြုလုပ်ရန်
လိုအပ်ကြောင်း ပြောသည်။

"အမှုဖွင့်လည်း ရင်ဆိုင်ရမှာပဲ။ သူတို့ဘက်ကလည်း နောက်ဒီလိုမျိုးမလုပ်ဖို့လိုတယ်"ဟု
ကိုဝင်းကျော်က ပြောသည်။

ကုမ္ပဏီ မန်နေဂျာ မစ္စတာ ဒေါင်ယွန်ဖီကမူ ၀န်ထမ်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ယူရန်
မလွယ်ကူသော်လည်း ရွာသားများအနေဖြင့် မိမိတို့၏ လိုလားချက်များကို အကြမ်းမဖက်ဘဲ
ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးစေလိုကြောင်းပြောသည်။

"သူတို့ဖြစ်ချင်တာကို အဆင်ပြေအောင် ညှိနှိုင်းပေးဖို့ ကျွန်တော်တို့ဆန္ဒအမြဲရှိပါတယ်"ဟု ၎င်းက
  ပြောသည်။
Myanmar Times