ပဲခူးမြို့အုပ်စုဖွဲ့ရိုက်နှက်မှု ကျူးလွန်သူများကိုယ်စား လူစားထိုးမှုရှိနေ

ပို့စ်တင်ချိန် - 11/29/2013 07:17:00 PM


သောကြာနေ့၊့ ၊ နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်

ပဲခူးမြို့ ဟင်္သာကုန်းမွန်စံပြရပ်ကွက်ရှိ မွန်ရိုးရာ ပဒေသာပင်ပွဲတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရိုက်နှက်မှုတွင် အမှန်တကယ် ပြစ်မှုကျူးလွန်သူနှစ်ဦးနေရာ၌ လူအစားထိုးမှုများရှိနေသည်ဟု ရိုက်နှက်ခံရသူ ကာယ ကံရှင်နှင့် မျက်မြင်သက်သေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၉ ရက် (သီတင်း ကျွတ်လပြည့်)၊ ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင် ပြုလုပ် နေသော ပွဲတော်လမ်းအတွင်းသို့ လူငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မြွေလိမ်မြွေကောက် မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများမှ အစပြုခဲ့သည့် အမှုဖြစ်ပြီး လက်ရှိတွင် ရဲဌာနက စစ်ဆေးနေဆဲ အခြေအနေ ဖြစ်သည်။

အဆိုပါ အမှုတွင် တုတ်ဖြင့်ရိုက်ပြီး ဓားဖြင့်ထိုးခံခဲ့ရသည့် ကိုဖြိးဝေမြင့်က“အဲဒီအမှုမှ အရေးယူတဲ့လူတွေ လွဲနေလို့ သက်သေနဲ့အတူ သွားပြောပြီးပြီ၊ မြို့နယ် ရဲမှူး၊ စခန်းမှူးရှေ့မှာ တုတ်နဲ့ရိုက်တဲ့သူက ဒီလူ၊ ဓားနဲ့ထိုးသွားတာက ဒီလူပါလို့ မျက်မြင်သက်သေနဲ့အတူ သက်သေခံပြီး သွားပြီ၊ ခုကျတော့ လုပ်ပါ တယ်လို့ဝန်ခံပြီး အခင်းဖြစ်စဉ်ကို သရုပ်ပြတဲ့နှစ်ယောက်က အခြားလူတွေဖြစ်နေတယ်” ဟု ပြောသည်။

ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသူနှစ်ဦးက အခင်းဖြစ်စဉ်အား ပြန်လည်သရုပ်ပြသော နေရာများမှာလည်း လွဲမှားနေကြောင်းနှင့် ၀န်ခံထွက်ဆိုနေကြသူများမှာလည်း ယင်းအဖွဲ့တွင် ငွေကြေးချို့တဲ့သူများ ဖြစ်နေ ကြသည်ကို တွေ့ရှိနေရသည်ဟု မျက်မြင်သက်သေဖြစ်သူ ရပ်ကွက်လုံခြုံရေး ဦးသောင်းငွေက ဆိုသည်။

ရပ်ကွက်လုံခြုံရေးအဖွဲ့ဝင်လည်းဖြစ်သူ ဦးသောင်းငွေက “ပြစ်မှုကျူးလွန်တုန်းက သရုပ်ပြတဲ့တရားခံတွေက လုံးဝကို လွဲနေတယ်။ အရင်ကလည်း တရားခံကို လွှဲပြောပေးဖို့ ပိုက်ဆံနဲ့ လာညှိတာရှိတယ်။ ကျွန်တော်ကတော့ အမှန်အကန်ပဲ ထွက်ဆိုမှာပါ၊ ပိုက်ဆံလည်း မလိုချင်ဘူး။ မဟုတ်မမှန်တဲ့စကားလည်း မပြောချင်ဘူး။ ဆင်းရဲတဲ့သူတစ်ယောက်ကို ပိုက်ဆံနဲ့ထိုးပြီး ၀န်ခံခိုင်းတော့ ကျွန်တော်သား သမီးချင်း ကိုယ်ချင်းစာမိတယ်” ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်၌ အဓိကပြစ်မှုကျူးလွန်သူများမှာ ဓားဖြင့်ထိုးသူ စိုးညီညီနှင့် တုတ်ဖြင့်ရိုက်ခဲ့သူမှာ နေလင်း ထွန်းဆိုသူဖြစ်သည်ဟု ကာယကံရှင်နှင့် မျက်မြင်သက်သေတို့က ရဲမှူးများရှေ့တွင်ပင် လူရွေးပေးခဲ့ သော်လည်း လက်ရှိပြစ်မှုကျူးလွန်သူဟု ၀န်ခံနေသူများမှာ အခြားသူများဖြစ်နေခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမှုစစ်အရာရှိဖြစ်သူ ဒု-ရဲအုပ်သောင်းမင်းထွန်း၏ လက်ကိုင်ဖုန်းသို့ ဆက် သွယ်မေးမြန်းရာတွင် ယင်းကိုယ်တိုင် ဖုန်းကိုင်ဖြေကြားမှုမရှိဘဲ မိတ်ဆွေဖြစ်သူတစ်ဦးက ဖုန်းမှာအိမ် တွင် ကျန်ရှိခဲ့သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်းမှူးဖြစ်သူ ဒု-ရဲမှူးလှသိန်းက “ဒီကိစ္စမှာ တရားလိုဘက်က ပြစ်မှုကျူးလွန်သူတွေ ဒီလူတွေပါလို့ ထွက်ဆိုထားချက်ကိုလည်း ကျွန်တော်တို့တင်ပြပေးမယ်။ ကလေး တွေဘက်ကလည်း ကျွန်တော်တို့က ကျူးလွန်ခဲ့တာပါဆိုပြီး ၀န်ခံနေတော့ သူတို့ထွက်ဆိုချက်အတိုင်း လည်း တင်ပြပေးမယ်။ ဒီတင်ပြချက်ကို ဥပဒေအရာရှိက ဘယ်သူတွေကို တရားစွဲတင်ရမယ်ဆိုတဲ့ ဥပဒေအကြံပြုချက်အတိုင်းပဲ ကျွန်တော်တို့ လိုက်နာဆောင်ရွက်သွားမှာပါ၊ ဘယ်သူကို တရားစွဲရမယ် ဆိုပြီး ကျွန်တော်တို့က ဆုံးဖြတ်လို့မရပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ရှင်းပြခဲ့သည်။

ထို့ပြင် ယင်းအမှုနှင့် ဖမ်းဆီးစစ်ဆေးနေသူမှာ ၁၄ ဦးအထိရှိပြီး ချုပ်ရက်ရမန် ပြည့်တော့မည်ဖြစ်သဖြင့် မကြာခင် တရားစွဲတင်သွားမည်ဖြစ်သည်ဟု ၄င်းက ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာ သီတင်းကျွတ်လပြည့်ညက ပဒေသာပင်ပြုလုပ်နေသည့်လမ်းအတွင်း ဆိုင်ကယ်ပရမ်းပ တာ စီးမှုကြောင့် လမ်းအတွင်းမှ လူများကလိုက်လံဖမ်းဆီးရာတွင် ဆိုင်ကယ်တစ်စီး ကျန်ခဲ့ပြီး ည ၁ နာရီခွဲအချိန်တွင် အဆိုပါ ဆိုင်ကယ်အား ပြန်လည်ယူဆောင်ရန် တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူ ငယ် သုံးဆယ်ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့နောက် ယင်းတို့အား ၀င်ရောက်ဟန့်တားခဲ့သူ ပွဲတော်စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်အား တုတ်ဖြင့်ရိုက်ပြီး ဓားဖြင့်ထိုးခဲ့သော အမှုလည်း ဖြစ်သည်။

အဆိုပါ အမှုကို အောက်တိုဘာလ ၂၂ ရက်က အမှုဖွင့်တိုင်ကြားခဲ့ရာတွင် ပဲခူးမြို့မရဲစခန်းက (ပ) ၆၁၇/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ဆောက်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က ပြစ်မှုကျူးလွန်သူများအား အာမခံဖြင့် လွှတ်ပေးထားရာတွင် ကာယကံရှင်ဘက်က ထိရောက်စွာ အရေးယူမှုမရှိဟု မဇ္ဈိမမှတစ်ဆင့် စွပ်စွဲ ပြောဆိုပြီးသည့်နောက်ပိုင်း ဖိဖိစီးစီးဖြင့် လိုက်လံဖမ်းဆီးအရေးယူခဲ့သည်။

ဖမ်းဆီးရမိထားသူများအား အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ တုတ် ဖြင့်ရိုက်၍ နာကျင်စေမှု ၃၂၅ နှင့် လူအုပ်စုလိုက် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြ ခြင်းတို့ကြောင့် ပုဒ်မ ၁၁၄ တို့ဖြင့် အရေးယူနိုင်ရန် စစ်ဆေးနေသည့် အမှုတစ်ခု ဖြစ်သည်။

ဇော်ဇော်ထွေး - Mizzima Burmese