ဌာနတွေရဲ့အရှုံးတွေ ကာမိဖို့ ပြည်သူတွေဆီက ကောက်ခံမယ့်အစား ယိုစိမ့်မှုတွေ အရင်သုံးသပ်ဖို့လို

ပို့စ်တင်ချိန် - 11/29/2013 11:34:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၂၃-နိုင်ငံတော်အစိုးရက အရှုံးပေါ်တယ်ဆိုတဲ့ ဌာနတွေအတွက် ပြည်သူတွေဆီက အခွန်အခတွေ ပိုကောက်ခံမယ့်အစား သက်ဆိုင်ရာဌာနတွေရဲ့ အောက်ခြေအတွင်းပိုင်းက ခြစားယိုစိမ့်မှုတွေကို အရင်ဆုံးအဖြေရှာကာ ပြန်လည် သုံးသပ်ဖို့လိုအပ်လာပြီလို့ နိုင်ငံရေး ပါဝင်လှုပ်ရှားနေသူပညာရှင်အချို့က သုံးသပ်ကြပါတယ်။
ကြို့ကုန်းမြို့နယ်၊ အနောက်ရပ်ကွက်၊ မီးရထားဝင်းအတွင်းနေထိုင်သူ အသက် ၃၀ ဝန်းကျင်ခန့်ရှိအမျိုးသားတစ်ဦးက “မီးရထားက အရှုံးပေါ်နေတယ်ဆိုပြီး ပြည်သူတွေဆီကပဲ ရထားခတိုးကောက်နေတယ်၊ မနက်စောစောတွေဆိုရင် ဆီ လေးပီပါ၊ ငါးပီပါလောက် နေ့တိုင်း ခိုးထုတ်နေတာတွေကျတော့ သေချာမဖော်ထုတ်ကြဘူး၊ ဒါတွေအတွက်ပါ ပြည်သူတွေက ပိုက်ဆံပေးနေရတယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ဆန်းစစ်ဖို့လို

အစိုးရဝန်ကြီးဌာနတချို့ အရှုံးပေါ်နေတာတွေ ပြေလည်စေဖို့ ပြည်သူတွေဆီက အခွန်အခတွေ ပိုကောက်ခံနေကြပေမဲ့ ဝန်ကြီးဌာနအသီးသီးမှာ လာဘ်ပေး လာဘ်ယူမှုတွေသာမက ဌာနပိုင်၊ ပြည်သူပိုင်ပစ္စည်းတွေကို တရားမဝင်နည်းလမ်းတွေနဲ့ ခိုးထုတ်နေတာ တချို့လည်း ရှိနေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
“ဝန်ကြီးဌာနအနေနဲ့ အရှုံးပေါ်ပြီဆိုရင် ရှုံးတဲ့အကြောင်းရင်းတွေ အကုန် analysis လုပ်ဖို့လိုတယ်၊ ဥပမာ အစိုးရဝန်ထမ်း တစ်ယောက်ကို ဌာနဆိုင်ရာအနေနဲ့ မီတာခကို လျှော့ပေးတာတို့၊ မမှန်မကန် သုံးစွဲတာတို့ အဲဒါကို စိစစ်လိုက်ရင် ဒီအရှုံးတွေ ကာမိတာပေါ့”လို့ မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး (၃) ဦးလှရွှေက ပြောပါတယ်။

ဘယ်တုန်းက ရှုံးတာလဲ

အစိုးရဝန်ကြီးဌာနတွေအနေနဲ့ အရှုံးရှိလာပြီဆိုရင် ပြည်သူတွေဆီက တိုးကောက်တာချည်းမလုပ်ဘဲ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး သေချာလေ့လာစိစစ်မှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ယခု ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးမှုတွေဟာ ယခင်အစိုးရ လက်ထက်ကတည်းက ရှုံးခဲ့တာမျိုးတွေလား၊ ဘယ်လို အခြေအနေတွေကြောင့် အရှုံးပေါ်နေတာလဲဆိုတာကို စိစစ်ပြီးမှ ရလာတဲ့အဖြေတွေကနေ ဖြေရှင်းဖို့ နည်းလမ်းကိုရှာပြီး မှန်ကန်တဲ့နည်းစနစ်နဲ့ ဖြေရှင်းရမယ်လို့ သိရပါတယ်။
“ဝန်ကြီးဌာနတွေအနေနဲ့ ကိုယ့်ဌာနက အရှုံးပေါ်တိုင်း ပြည်သူတွေဆီကပဲ တောင်းနေမယ်ဆိုရင် ဥပဒေချိုးဖောက်ရာကျပါတယ်၊ လူကြီးတွေက ဒါတွေမှာ အရှုံးပေါ်နေတယ်ဆိုရင် ဝင်ငွေရတဲ့နေရာတွေမှာလဲ အမှန်စာရင်းတွေပဲပြဖို့ လိုပါတယ်” လို့ စီးပွားရေးဥပဒေပညာရှင် ဦးတင်သန်းဦးက ပြောပါတယ်။
ဝန်ကြီးဌာနတွေအနေနဲ့ ကြုံတွေ့နေရ တဲ့ အရှုံးတွေကို လေ့လာဆန်းစစ်ပြီး ရရှိလာတဲ့အဖြေကို သက်ဆိုင်ရာကို ပြန်လည်တင်ပြသင့်သလို ပြည်သူတွေကိုလည်း ချပြကာ ပွင့်လင်းမြင်သာမှုရှိရှိ အတည်ပြုနိုင်ဖို့ လိုပါတယ်။ အဲသည်လို ဆောင်ရွက်ရာမှာလည်း ဝန်ကြီးဌာနရဲ့အရှုံးတွေကိုသာ ချပြတာမျိုးမဟုတ်ဘဲ ဝင်ငွေရရှိတဲ့နေရာတွေရဲ့ စာရင်းအမှန်ကိုလည်း ချပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်းက “ဒါတွေက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့တာဝန်ပဲ၊ တာဝန်ရှိတဲ့သူတွေက မိမိတို့ဌာနမှာ ခြစားနေတာတွေ၊ ယိုပေါက်ရှိနေတာတွေကို ဖော်ထုတ်ဖို့လိုတယ်၊ ဒီထဲမှာမပါပေမဲ့ ဒါတွေကို အရေးမယူဘူးဆိုရင်လဲ ခြစားတဲ့ထဲမှာ ကိုယ်ပါတာနဲ့ အတူတူပဲ၊ ပျက်ကွက်တာကလဲ ပူးပေါင်းသလို ဖြစ်နေတာမျိုးပဲ”လို့ သုံးသပ်ပါတယ်။

မသိသလိုနေမိ အပြစ်ရှိ၏

တချို့ဌာနတွေမှာ တာဝန်ရှိသူ အရာရှိတွေက ခြစားမှုမှာ မပါဝင်ပေမဲ့ မိမိ လက်အောက်က လုပ်ဆောင်နေတာကို သိရှိလျက်နဲ့ မသိသလိုနေကာ အရေးယူဆောင်ရွက်မှု မလုပ်တာကလည်း နိုင်ငံနဲ့ ပြည်သူတွေအပေါ် တာဝန်မဲ့သလို ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနှင်းဦးက “ပြည်သူတွေဆီကပဲ တိုးတောင်းနေတယ်ဆိုတာက good government နဲ့ ဆိုင်တယ်၊ ဒါက အစိုးရက သူ့ဘာသာသူ ပြင်ရမယ့်ကိစ္စပဲလေ၊ သိအောင် လုပ်ရမှာပေါ့၊ ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တယ်၊ ဒီအတိုင်းသာဆိုရင် good government နဲ့ ဆန့်ကျင်ဘက်ဖြစ်နေမှာပေါ့”လို့ သူ့အမြင်ကို ပြောပါတယ်။

ပုဂ္ဂလိကပြောင်းရင် ကာမိနိုင်

ဝန်ကြီးဌာနတွေမှာ အရှုံးပေါ်နေတာတွေရှိနေပြီဆိုရင် အဆိုပါလုပ်ငန်းတွေကို ဝန်ကြီးဌာနတွေက ဆက်လက်ဆောင်ရွက်နေတာမျိုး မဟုတ်ဘဲ ပုဂ္ဂလိကကို လွှဲပြောင်းပေးကာ ဆောင်ရွက်ဖို့ လိုပါတယ်။ ပုဂ္ဂလိကပြောင်းလဲ ဆောင်ရွက်မယ်ဆိုရင် အစိုးရလည်း အကျိုးအမြတ်ရကာ တိုင်းပြည်ဝင်ငွေတိုးလာနိုင်သလို ပြည်သူတွေလည်း အဆင်ပြေနိုင်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။
ရှေ့နေချုပ်ရုံးမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိန်က “ပုဂ္ဂလိကကိုလွှဲရင်တော့ အစိုးရက ဈေးနှုန်းပြန် change (ပြောင်းလဲ)ပေးရမယ်၊ အစိုးရအဖွဲ့က စီးပွားရေးလုပ်ငန်းတွေ၊ အရှုံးပေါ်တဲ့ဌာနတွေ အကုန်လုံးကို ဒေတာတွေ ပြန်လုပ်နေတယ်၊ စက်မှုလုပ်ငန်းတွေ၊ ပို့ဆောင်ရေးကဆိုရင် ရေကြောင်း၊ လေကြောင်းလိုင်းတွေက ပိုပြီး အရှုံးပေါ်နေတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ အစိုးရဝန်ကြီးဌာနတွေရဲ့ အရှုံးတွေဟာ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်နေတာမျိုးမဖြစ်ဖို့ စိစစ်ဆောင်ရွက်ဖို့ လိုအပ်နေသလို ဌာနတချို့မှာရှိနေတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပြည်သူပိုင်နဲ့ ဘဏ္ဍာငွေယိုစီးမှုတွေကို ဖော်ထုတ်အရေးယူကာ တိုင်းပြည်ဘဏ္ဍာပြုန်းတီးမှုမရှိစေဖို့ ဆောင်ရွက်သင့်တယ်လို့ ပညာရှင်တွေရဲ့သုံးသပ်ချက်အရ သိရပါတယ်။

Kumudra
Author: သဉ္ဇာလှိုင်၊ မေဇွန်သော်သော်