ရွေးကောက်ပွဲဝင်ရန် ဦးတေဇ အစီအစဉ်မရှိ

ပို့စ်တင်ချိန် - 11/29/2013 07:22:00 PM


ရန်ကုန်၊ နိုဝင်ဘာ-၂၇

မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးတေဇသည်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဟု ကောလာဟလများထွက်ပေါ်လျက်ရှိပြီး ယင်းကိစ္စမှာ လတ်တလော၌ အစီအစဉ်မရှိသေးကြောင်း ဦးတေဇ၏ပြောရေးဆိုခွင့်ရှိသူ ဦးညီညီအောင်က စံတော်ချိန်သို့ ပြောဆိုသည်။

" တချို့သတင်းတွေက ကျွန်တော်တို့တောင်လိုက် မမီပါဘူးဗျာ။ အမျိုးမျိုးသတင်းထွက်နေတာပဲ။ ရွေးကောက်ပွဲ ၀င်ဖို့ကတော့ လတ်တလောမှာ အစီအစဉ်မရှိသေးပါဘူး" ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးညီညီအောင်က ပြောသည်။

ဦးတေဇအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကံအကြောင်းလှပါက ၀င်ရောက်ယှဉ်ပြိုင်မည့် အလားအလာရှိကြောင်း ဦးတေဇနှင့်နီးစပ်သည့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ)မှ အမည်မဖော်လိုသည့် အရာရှိ ဟောင်းတစ်ဦးက ပြောကြားသည့်သတင်းမှာ နိုဝင်ဘာ ၂၇ ရက်က လူမှုကွန်ရက် စာမျက်နှာအချို့တွင် ပျံ့နှံ့လျက်ရှိသည်။ " သူ့အနေနဲ့က စီးပွားရေးထဲမှာပဲ နစ်မြုပ်နေတာကြာပြီ။ ဆယ်သက်စား မကုန်အောင်လည်း ရှာပြီးပြီ။ ခင်ဗျားတို့ မီဒီယာတွေ အခေါ်အဝေါ် ခရိုနီပေါ့ဗျာ။ နိုင်ငံရေးကို စိတ်ဝင်စားနေပါတယ်။တစ်သီးပုဂ္ဂလယှဉ်ပြိုင်ဖို့ အလားအလာပိုများပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်အခံ သဘောမျိုးဗျ။ အခုလက်ရှိ အစိုးရကိုလည်း သိပ်ပြီးအားမရတဲ့ပုံပဲ။ တရုတ်လွှမ်းမိုးမှုကိုလည်း ဘ၀င်မကျဘူး။ မန္တလေးမြို့ကို သူအာရုံစိုက်ချင်တယ်လို့
ပြောနေတယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနဲ့ ပဋိပက္ခများ အဆုံးသတ်ရေးကို ကြိုးစား လုပ်ဆောင်သွားမယ်လို့လည်း ပြောတယ်။ ရခိုင်မှာလည်း ဒုက္ခသည်တွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ အကြိမ်ကြိမ် လှူပြီးပါပြီ။ ဘယ်မီဒီယာကမှ မဖော်ပြပါဘူး။ ကျွန်တော်အဲဒါ သိစေချင်လို့ ပြောပြတာ " ဟု (စစစ) အရာရှိဟောင်း၏ ပြောကြားချက်ကို အဆိုပါသတင်း၌
ဖော်ပြထားသည်။

ဦးတေဇမှာ သူရိယနေ၀န်းဂျာနယ်ကို တရားစွဲမည်ဟု တရားဝင်ထုတ် ပြန်ထားပြီး ၎င်းအား ပုတ်ခတ်ရေးသားသည့် အခြားစာစောင်များကိုလည်း ဥပဒေ ကြောင်းအရ တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

နန္ဒ

စံတော်ချိန် နေ့စဉ်သတင်းစာ