တောဆိုလာ နှင့် မြို့မီတာ

ပို့စ်တင်ချိန် - 11/29/2013 12:16:00 PM


ဖျတ်ခနဲလင်းချင်းလာသော လျှပ် စစ်မီးတစ်ပွင့်ကို ကြည့်ရင်း မန်းပုဏ္ဏား ကျေနပ်နေသည်။ တီဗီဖွင့်ကြည့်တော့လည်း မျက်နှာပြင် အပြည့်ပွင့်လာသည်။ ဒါပေမဲ့စောနေသေးသည့်အတွက် သူပြန် ပိတ်ထားလိုက်သည်။

''အစိုးရ သွယ်ပေးမယ့် မီးကိုစောင့် ရင် ကျုပ်သေသာသွားမယ်။ ရမှာမဟုတ် ဘူး။ ဒါကြောင့် ဒါလေးဝယ်ဖြစ်တာ။ နှစ်သောင်းခွဲပေးရတယ်''ဟု မန်းပုဏ္ဏားက ၎င်းတို့တဲတွင် တပ်ထားသော ဆိုလာပြား အကြောင်း ပြောပြသည်။ ဆိုလာပြားမှ ရသော လျှပ်စစ်ဖြင့် လျှပ်စစ်မီး ၃ ချောင်း တီဗီတစ်လုံးနှင့်ကက်ဆက်တစ်လုံးကို အချိန် ပိုင်းအသုံးပြုနိုင်သည်ဟု ဆိုသည်။

''အဓိကက ညဘက်ပါပဲ။ ကလေး တွေစာဖတ်ဖို့နဲ့ တီဗီဇာတ်လမ်းလေးတွေ ကြည့်ဖို့ပေါ့။နေ့ခင်းဘက်ကတော့ တစ်ခါ တလေအားရင် ကက်ဆက်လေးဖွင့်တယ်''ဟု ၎င်းက ပြောသည်။

စင်စစ်ဆိုလျှင် မန်းပုဏ္ဏားတို့နေ သော အရပ်သည် မြန်မာနိုင်ငံ၏ စပါး ကျီဟုခေါ်ဆိုအပ်သောဧရာဝတီတိုင်းတွင် ဖြစ်သည်။ သို့ရာတွင် ကျွန်းကြီးသဖွယ် ဖြစ်နေသော ကျွန်းညို ကမ္ဗလာအုပ်စု သည်အခြားဒေသများနှင့် အဆက်အစပ် မရှိထီးထီးကြီး၊ အရှေ့ဘက်မဝေးလှသော မြစ်တစ်ဖက်ခြမ်းတွင် သမ္မတ ဦးသိန်းစိန် ၏ဇာတိကျုံကူးတိုက်နယ်ရှိသည်။ အနောက် ဘက် မြစ်တစ်ဖက်ကမ်းတွင် စီးပွားရေး အချက်အချာအရ ဖွံ့ဖြိုးသော တောင်က လေး၊ ဂျမ်းကပ် စသောရွာကြီးတို့ရှိသည်။ သူတို့ ဒေသသည် ကြားထဲက စွန့်ပစ်ခံ ဒေသတစ်ခုသဖွယ်ဖြစ်နေပြီး အခြေခံလို အပ်ချက်ဖြစ်သော လျှပ်စစ်မီးရရေးမှာ မိုးပေါ်ကအပ်တစ်စင်းနှင့် လူပြည်ကအပ် တစ်စင်း ထိရန်ထက်ပင် ခက်ခဲနေသည်။ ထိုသောအခါမျိုးတွင် ...

ကျွန်းညိုသားတွေ မနေသာတော့ ပါ။ ကျွန်းညိုပေါ်မှ ရွာ ၆ ရွာ၏ နေရာ စုံတွင် ဆိုလာပြားတွေနေရာယူလာသည်။ လယ်တောထဲက ဓနိမိုးထရံကာ တဲအိမ် လေးတွေရော တောင်ယာထဲက တဲအိမ် လေးများ၏ ခေါင်မိုးများတွင် ဆိုလာပြား များ နေရာယူလာနေသည်။

''အစိုးရ လျှပ်စစ်မီးဆိုလို့ သေသာ သွားရော မမြင်ဖူးလိုက်တဲ့လူတွေကို သနားလိုက်တာ။ အခုဆို ဘာဓာတ်ကြိုး၊ ဓာတ်တိုင်မှ မလိုဘဲနဲ့ ကျုပ်တို့တောမှာ ညဘက်မီးထွန်းနိုင်ပြီ။ တီဗီကြည့်လို့ရ ပြီ''ဟု ဖိုးကြာအိုင်ရွာသား အသက် ၆၅ နှစ်အရွယ် မန်းပုဏ္ဏားက ဆိုသည်။

၎င်းတို့ဒေသတွင် Portable DVD ခေါ်အိတ်ဆောင် ရုပ်/သံကြည့် စက်များ ကိုခေါက်တီဗီဟု ခေါ်ကြသည်။ အပေါ် စက်(TV)၊ အောက်စက် (VCD, DVD) သီးခြားစီ ဝယ်ယူအသုံးပြုသူများလည်း ရှိသည်။ ဝပ် ၅ဝ ဆိုလာပြားနှင့် အားသွင်း ထားသော ဘက်ထရီနှင့်ဆိုလျှင် ညဘက် တီဗီတဝ ကြည့်နိုင်သည်။ ထို့ကြောင့် ညဘက်တွင် ယခင်ကလို အမှောင်ထုကို ရေနံဆီ မီးခွက်၊ ဖယောင်းတိုင်များဖြင့် အန်တုစရာမလိုဘဲ LED မီးပွင့်များ ထိန်လင်းနေပြီ ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ပြုပြင် ပြောင်းလဲမှုများပြုလုပ်လာပြီးနိုင်ငံတကာ အလယ်တွင် မျက်နှာပွင့်လန်းလာသော မြန်မာနိုင်ငံ၏ ကျေးလက်နေ လူဦးရေ အများစုသည်လျှပ်စစ်မီးမရဘဲ ရှိနေကြသေးသည်။ တရားဝင် စာရင်းဇယားအရ ဆိုလျှင် တိုင်းပြည်၏ လူဦးရေ ၃ဝ ရာခိုင် နှုန်းခန့်သာ လျှပ်စစ်မီးရယူသုံးစွဲခွင့်ရနေ ကြပြီး အများစုမှာ မြို့ပြများတွင် ဖြစ်နေ သည်။

အလုံးစုံ ပြုပြင်ပြောင်းလဲမှုများဖြင့် လုံးချာလည်လိုက်နေသော အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ပြောသ လောက် အလေးမထားနိုင်သေးသည်ကို တွေ့ရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟုသာ တွင် တွင်ပြောနေသော်လည်းအခြေခံကျသည့် လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးကို ဖြည့် ဆည်း တပ်ဆင်မပေးနိုင်သေးသည်ကို တွေ့ရသည်။

မလုံလောက်သော လျှပ်စစ်ဓာတ် အား၊ မဟာဓာတ်အားလိုင်း၏ နိုင်ငံအနှံ့ လွှမ်းခြုံနိုင်မှု အားနည်းခြင်းတို့ကြောင့် ဒေသအသီးသီးတွင် လျှပ်စစ်ဓာတ်အား ရနိုင်သည့် နည်းလမ်းများကို ကြံဖန် အ သုံးပြုလာရပြီး ပေးချေရသည့် လျှပ်စစ် ဓာတ်အားအသုံးပြုခမှာလည်း မျိုးစုံပင် ဖြစ်သည်။ အစိုးရ လျှပ်စစ်အားကို ရယူသုံး စွဲနိုင်သူတို့က မီတာခ အနည်းဆုံးပေးရ ပြီး အခြားနည်းလမ်းဖြင့် ရယူသုံးစွဲနေသူ တို့မှာ အချို့ဒေသတွင် တစ်ယူနစ် ကျပ် ရှစ်ရာအထိ ပေးဆောင်နေရသည်။

လျှပ်စစ်ဝန်ကြီး၏ အဆိုအရ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တနင်္သာ ရီတိုင်း၊ ချင်းပြည်နယ် နာဂဒေသ၊ စစ် ကိုင်းတိုင်း မြောက်ဘက်ခြမ်း၊ ကချင်ပြည် နယ်မြောက်ဘက်ခြမ်း စသော ဒေသများ တွင် လျှပ်စစ်ဓာတ်အားစနစ် မရောက် သေး၍ ဒီဇယ်စက်နှင့် လျှပ်စစ်ဓာတ်အား ပေးနေရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည် နယ် ဂွမြို့တွင်တစ်ယူနစ်လျှင် ကျပ် ၆၆ဝ၊ ရမ်းဗြဲမြို့တွင် ကျပ် ၆ဝဝ၊ မောင်တော မြို့တွင် ကျပ် ၅ဝဝ၊ စစ်တွေမြို့တွင် ကျပ် ၄၆ဝ၊ သံတွဲမြို့တွင် ကျပ် ၄၈ဝ၊ တနင်္သာရီ တိုင်း ခမောက်ကြီးမြို့တွင် ကျပ် ၇ဝဝ၊ လောင်းလုံမြို့တွင် ကျပ် ၆၅ဝ၊ မောင်းမ ကန်တွင် ကျပ် ၅၅ဝ၊ သရက်ချောင်း မြို့တွင် ကျပ် ၆ဝဝ၊ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျပ် ၈ဝဝ၊ ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့တွင် ၁၉၂ ကျပ်၊ မွန် ပြည်နယ်ခေါဇာမြို့တွင် ကျပ် ၇ဝဝ၊ ရေး မြို့တွင် ကျပ် ၅၅ဝ၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းတာချီလိတ်မြို့တွင် ကျပ် ၂ဝဝ၊ စစ် ကိုင်းတိုင်း ကလေးမြို့တွင် ကျပ် ၅၅ဝနှင့် တမူးမြို့တွင် ကျပ် ၆ဝဝ ကျပ် အထိပေး ဆောင်နေရကြောင်း သိရသည်။

ထို့ကြောင့် အစိုးရလျှပ်စစ်မီတာခ များကို တိုးကောက်ကာ ကျန်သည့် လျှပ် စစ်မရသေးသည့် ဒေသများအတွက် စက် အားလိုင်းသွယ်တန်းခြင်း လျှပ်စစ်မီး ပေး ဝေခြင်းပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူအချို့က လက်မခံခဲ့။ ယင်းအပေါ် မှတ်ချက်ပြုခဲ့သည့် လျှပ်စစ်ဝန်ကြီး ဦးခင် မောင်စိုးပင် အပြင်းအထန် ဝေဖန်ခံခဲ့ရ သည်။ လျှပ်စစ်မီးရယူသုံးစွဲခွင့်ရနေသော ၃ဝ ရာခိုင်နှုန်းခန့်မျှသောလူများက လျှပ် စစ်မီး ရယူသုံးစွဲခွင့်မရှိသေးသော ၇ဝ ရာ ခိုင်နှုန်းကျော်မျှသော လူများကို စာနာ စိတ်မထားဟူသောမှတ်ချက်ဖြစ်ပါသည်။

ဓာတ်အားခ တိုးသည်ဖြစ်စေ၊ မတိုး သည်ဖြစ်စေပြည်သူတွေကမျှော်လင့်ချက် မထားကြတော့၊ ကိုယ်နိုင်ရာ ကိုယ်သန်ရာ နည်းလမ်းများဖြင့်သာ ကိုယ့်အိမ်ကိုယ် မီး လင်းရေးကို တစ်နိုင်တစ်ပိုင် လုပ်ဆောင် လာကြသည်။ ထို့ကြောင့် ပြည့်ဖြိုးမြဲစွမ်း အင်တစ်ခုဖြစ်သော နေအားလျှပ်စစ်ရ ယူသုံးစွဲသော ဆိုလာပြားများ ရောင်းအား တက်လာခဲ့သည်။

''၂ဝ၁၂ ခုနှစ်တုန်းကတောင် လူ တွေက ဆိုလာသုံးရကောင်းမှန်း သိပ်မသိကြသေးဘူး။ ၂ဝ၁၃ မှာမှ စသုံး လာကြတာ။ တော်တော်လေး ရောင်းအား ကောင်းတယ်'' ဟု မန္တလေးမြို့ Lwin Family Electronic ဆိုင်မှ မသီကပြော သည်။ မြန်မာပြည် အလယ်ပိုင်းတစ်ဝိုက် တွင် လျှပ်စစ်မီးရသော်လည်း လာချိန်မမှန်၍ ဆိုလာပြားဖြင့် ထိန်းသုံးရန်အ တွက် ယခုကဲ့သို့ ဝယ်ယူတပ်ဆင်ကြ ခြင်းဖြစ်မည်ဟု ၎င်းက ဆိုသည်။

''မီးမရတဲ့ ရွာတွေ၊ မီးရပေမယ့် ဓာတ်အားလိုင်းနဲ့ဝေးလို့ မီးအားနည်းတဲ့ ရွာတွေမှာ ဆိုလာကို သုံးလာကြတယ်''ဟု သူမက ပြောသည်။ ထို့အတူ ရန်ကုန်မြို့ လသာမြို့ နယ်ရှိ သန်းထိုက်အီလက်ထရောနစ် ဆိုင် မှာ တာဝန်ရှိသူတစ်ဦးကလည်း ''ရန်ကုန် တိုင်းအတွင်း ဆိုလာပြားရောင်းချရမှု နည်း ပါးသော်လည်း မြန်မာပြည်အောက်ပိုင်း ဒေသများသို့ ဖြန့်ချိရသော အရေအတွက် ပိုများလာကြောင်း ဆိုသည်။ ''အဓိကကတော့ ဧရာဝတီတိုင်းလို မျိုး အခြားအောက်ပိုင်းဒေသတွေလို ပေါ့ ''ဟု ၎င်းက ပြောသည်။

မြန်မာပြည်သို့ ဝင်ရောက်လာသော ဆိုလာပြားများမှာ နိုင်ငံစုံမှ တံဆိပ်စုံပင် ဖြစ်သည်။ ထိုင်းမှဝင်သည်၊ တရုတ်၊ အိန္ဒိယမှလည်း ဝင်သည်။ ဂျပန်မှ အရည် အသွေးမြင့်ပစ္စည်းလည်း ဝင်သည်။

''တိုက်ရိုက်တင်သွင်းခွင့် ပေးရင် ဈေးသက်သာတာပေါ့။ မဟုတ်ရင် ဈေး က ရန်ကုန်ရောက်ပြီဆို ၂ ဆ တက်သွား တာပဲ။ ထိုင်း မှာ ၆ သောင်းလောက်နဲ့ ရတဲ့ဟာကိုဒီရောက်ရင် တစ်သိန်းကျော် သွားတာပဲ။ ကျွန်တော်ကတော့ ဧရာဝတီ တိုင်းကို လှူဖို့အတွက် မန္တလေးကယူ တယ်။ ဈေးသက်သာလို့၊ ဈေးသက် သာတော့ များများလှူဒါန်းနိုင်တာပေါ့''ဟု မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးရေးကွန်ရက်မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် က ပြောသည်။

ဆိုရလျှင် မြန်မာကဲ့သို့သော လျှပ် စစ်ဓာတ်အား လိုအပ်မှုအလွန်များသော နိုင်ငံတွင် တစ်နိုင်တစ်ပိုင် လျှပ်စစ်ထုတ် လုပ်မှုက အလွန်အရေးကြီးသည်။ ယင်း ထဲတွင် အိမ်သုံးအဖြစ် ဆိုလာပြားကို အများစုက ရွေးချယ်လာချိန်တွင် ဤ ဈေးကွက်သည် မက်မောလောက်ဖွယ် ဈေးကွက်ဖြစ်လာသည်။ သို့နှင့်တိုင် ဆိုလာပြားကို မြန်မာနိုင်ငံတွင် ထုတ်လုပ် ရန် အသံလုံးဝမကြားရသေး။

''ဆိုလာ ထုတ်ဖို့က နည်းပညာက တော်တော် မြင့်တယ်။ ဒီလို ထုတ်ဖို့ ကျွန်တော်တို့ဆီမှာ နည်းပညာမရှိသေး ဘူး။ ဒါပေမဲ့ နည်းပညာဆိုတာ ဝယ်ရင် ရတာပဲ။ အဓိက က ရင်းနှီးမြှုပ်နှံသူတွေ ပဲ''ဟု အာဆီယံစွမ်းအင်ထိန်းသိမ်းရေး အဖွဲ့မှ အင်ဂျင်နီယာ ဦးမြင့်ကျော်က ဆိုသည်။ မြန်မာနိုင်ငံတွင် ဆိုလာပြားကို အသေးသုံးအတွက်သာ အသုံးပြုနေခြင်း က ဆိုလာကို ပြည်တွင်းတွင် ထုတ်လုပ် ရန် အဓိက အဟန့်အတား ဖြစ်နေပြီး စက်ရုံ၊ အလုပ်ရုံများတွင် အသုံးပြုနိုင်ပါက ဈေး ကွက် သဘောအရ ဆွဲဆောင်မှုပါ ကြီး လာဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။

''ပြီးတော့ မြန်မာနိုင်ငံမှာက တ ကယ်လုပ်ရင် လေအား၊ နေအားက နေ လျှပ်စစ်ထုတ်လို့ရနိုင်တဲ့နေရာတွေ အများ ကြီးပဲဆိုတော့ အဲဒါတွေ မရတဲ့နေရာ တွေမှာပဲ ဆိုလာကိုသုံးကြမှာလေ။ အခု တော့ အားလုံးကသစ်မရောက်ခင် ဝါး ကွပ်သလို ခဏသုံးနေရတာပါ''ဟု ဦးမြင့် ကျော်က ဆိုသည်။ သစ်မရခင်စပ်ကြားဝါးကွပ်ဆိုသော စကားသည် မြန်မာတို့နှင့် မစိမ်း၊ တစ် သက်လုံး ဤစကားကို သုံးခဲ့ရသူ ရှိသလို ယခုအချိန်ထိ သုံးနေရဆဲ ဆိုသည်က လည်း အများအပြား။ ထိုစကားနှင့်အညီ ပင် အစိုးရ လျှပ်စစ်မီး၊ ရေအား၊ လေ အားမှ လျှပ်စစ်ထုတ်ယူ အသုံးမပြုနိုင်မီ အထိ ဒေသအတော်တော်များများတွင် ဝါးကွပ်နေရဦးမည်။ ရန်ကုန်မြို့နှင့် များစွာမဝေးသော ရန်ကုန်-နေပြည်တော်လမ်းမအနီး ပဲခူး ရိုးမတောင်ခြေက မရမ်းချောင်ရွာတွင် ပင်ဝါးကွပ်နေရဆဲ။ သိပ်မဝေးသော နေရာမှ ခန့်ခန့် ထည်ထည် အမြန်လမ်းမကြီးထက် တ ဝှီးဝှီးသွားလာနေသော ခေတ်မီကားကြီး များကို လှမ်းကြည့်ရင်း ဖွားလှတင် ၇၅ နှစ်က ဆိုသည်။ ''အရင်ကဆို အဲဒီလမ်းကြီးက မီးတွေ ထိန်နေတာကို တကူးတကသွား ကြည့်ရတာ။ အခုတော့ ကျုပ်တို့ ရွာ လည်း မီးလင်းနေပါပြီ''။

ကျော်ရဲလင်း

Popular Myanmar News Journal