ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို

ပို့စ်တင်ချိန် - 11/29/2013 12:09:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၈

နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် ပြည်သူများ လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“သာမန်လူတို့ မသိနိုင်တဲ့ နည်းပရိယာယ်တွေကို ကာကွယ်ဖို့ အတွက် ဘယ်လို နာမည်နဲ့ပဲ ဖြစ်ဖြစ် ထောက်လှမ်းရေး ဆိုတာကတော့ ရှိသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းအဖွဲ့ ဖွဲ့ရန် မလိုအပ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးကိစ္စကို တပ်မတော်က တာဝန်ယူထားပြီး ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောကြားသည်။
“အာဏာရှင် ခေတ်ကလို ထောက်လှမ်းရေး အဖွဲ့တွေကို လက်ကိုင်တုတ်အဖြစ် သုံးပြီး နိုင်ငံရေးထဲ ဝင်စွက်ဖက်လာရင် ဘယ်သူ တာဝန်ယူမလဲ” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ကဲ့သို့သော အဖွဲ့အစည်းတစ်ခု အမြန်ဆုံ ဖွဲ့စည်းပေးရန်အတွက် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိပြုထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီဝင် ရာနှင့်ချီ၍ ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

“နိုင်ငံတစ်ခုရဲ့ ပြည်တွင်း လုံခြုံရေးက ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မှုတည်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်ကို ဖော်ထုတ်ဖို့၊ သံတမန် အရေခြုံထားတဲ့ သူလျှို လုပ်ငန်းတွေကို တားဆီးဖို့ စတဲ့ ကိစ္စရပ်တွေမှာ အထူးလေ့ကျင့်ထားတဲ့ ထောက်လှမ်းရေးတွေကသာ ဖော်ထုတ်နိုင်မှာပါ၊ အခု စနိုးဒန်ကိစ္စဆိုရင် ထောက်လှမ်းရေးရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေး မထိပါးအောင် ဘယ်လို စည်းကမ်းနဲ့ ထိန်းချုပ်မလဲဆိုတာ ဥပဒေ ပြဋ္ဌာန်းထားရင် ပူစရာမလိုပါဘူး” တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ် တာဝန်ကို ပူးတွဲ ထမ်းဆောင်နေချိန် ထောက်လှမ်းရေးအဖွဲ့မှာ ဖျက်သိမ်းခံခဲ့ရပြီး အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် နှစ်ရှည် ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ လွတ်မြောက် လာသော်လည်း ဗိုလ်မှူးချုပ် သိန်းဆွေ အပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းများကို ဖွဲ့စည်း ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ် တို့တွင် နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice Weekly