ယာဉ်မောင်းသူများ အန္တရာယ်ကင်းရှင်းရန် iPhone ပရိုဂရမ်တစ်ခုက အာမခံ

ပို့စ်တင်ချိန် - 11/29/2013 07:36:00 PM


ယာဉ်မောင်းသူများ အန္တရာယ်ကင်း ရှင်းနိုင်စေရန် တည်နေရာပြစနစ်ကို အခြေပြုပြီး တီထွင်ထားသော ပရိုဂရမ်ငယ် တစ်ခုကို ယခု ရက်သတ္တပတ်အတွင်း လွှင့်ထုတ်လိုက်သည်။ Hudway အမည်ရှိ ပရိုဂရမ် သည် Hudway Team မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိုင်ဖုန်းသုံးစွဲသူများအတွက် အခမဲ့ရယူနိုင်ပြီး Andriod သမားများအတွက်မူ ဖေဖော်ဝါရီလအတွင်း လွှင့်ထုတ်ပေးသွားရန် ရှိသည်။

ကားအတွင်းတွင်ရှိသော (Dash-board) သို့မဟုတ် Stand တစ်ခုပေါ်တွင် အဆိုပါပရိုဂရမ်ကို ထည့်သွင်း ထားသည့် အိုင်ဖုန်းကို တည်ရှိစေကာ မျက်နှာပြင်တွင် ပေါ်ပေါက်လာသည့် လမ်း၊ မြို့၊ ရွာ တို့၏ တည် နေရာပြစနစ်ကို ကြည့်ရှုကာ ရှေ့လမ်းကြောတွင် ဘယ်ဘက်ကြော လမ်းကွေ့ရှိသည်၊ နောက် ညာဘက် လမ်းကြောသို့ ကွေ့ရမည်စသဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် မြေပုံကို ကြိုတင်သိမြင်နိုင် သောကြောင့် များစွာ အကူအညီရစေကာ ယာဉ်ကြော အန္တရာယ်ကင်းရှင်းစေရေးအတွက် လွန်စွာအထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။

ထို့ပြင် ပရိုဂရမ်သည် မြေပုံစနစ်အတွက် Google Map ကို သုံးစွဲထားသည်။ ညပိုင်းတွင် ဖြစ်ပွားတတ် သော အခက်အခဲများကို အထူးဂရုပြုပြီး တည်ဆောက် ထားသည့်အပြင် မိမိ၏ မော်တော်ကား ရှေ့ လေကာမှန်တွင်ပါ ပုံရိပ်ထင်ဟပ် ပေါ်ပေါက်ပေးစေမည်ဖြစ်သဖြင့် နှင်းများ ထူထပ်စွာ သိပ်သည်းနေသော ကာလမျိုးများနှင့် ရာသီဥတုနှင့် သဘာဝဘေးရန်ကြောင့် လမ်းကြောပိတ်ဆို့တတ်သည့် အခါ မိမိမောင်း နှင်ရမည့် ယာဉ်လမ်းကြောင်းကို ဂိမ်းကစားသကဲ့သို့ပင် ကားရှေ့မှန်တွင် ရှင်းရှင်းလင်းလင်းအကောင်း ဆုံး မြင်တွေ့ရမည်ဖြစ်ကြောင်း ကုမ္ပဏီမှ အာမခံထားသည်။

Mizzima Burmese