မလေးရှားတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲ ကျပ်သိန်းနှစ်ရာတောင်း

ပို့စ်တင်ချိန် - 11/29/2013 01:41:00 PM


မလေးရှားနိုင်ငံတွင် မြန်မာအချင်းချင်း ပြန်ပေးဆွဲပြီး ကျပ်သိန်းနှစ်ရာဖြင့်ရွေးရန် တောင်းဆိုခဲ့ရာ သိန်းတစ်ရာ လွှဲပေးသော်လည်း ပြန်ပေးဆွဲခံရသူနှစ်ဦး တစ်လကြာသည်အထိ ပြန်ရောက်မလာသောကြောင့် မလေးရှားနိုင်ငံရဲတပ်ဖွဲ့နှင့် မလေးရှားနိုင်ငံ မြန်မာသံရုံးတို့က တရားခံများကို အပူတပြင်းရှာဖွေနေကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ဆွန်ငိုင်းဘူးလို့ မြို့နယ်တွင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော ကရင်ပြည်နယ် မိုင်းကံကျေးရွာမှ စောတင်ကျော်၏အိမ်သို့ ကရင်လူမျိုးတစ်ဦးနှင့် မော်လမြိုင်မြို့နယ်မှ အမျိုးသားသုံးဦးတို့ အလည်ရောက်လာခဲ့သည်။ ထိုသို့ရောက်လာရာမှ စောထင်ကျော်နှင့် ၎င်း၏ဦးလေးတို့အား အလည်လာရောက်သောသူများက ၎င်းတို့အိမ်သို့ အလည်ပြန်ခေါ်ပြီးနောက် တူအရီးနှစ်ယောက်ကို အောက်တိုဘာ ၂၁ ရက်တွင် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ ပြန်ပေးဆွဲခံရသူနှစ်ဦးသည် နိုဝင်ဘာ ၂၈ ရက်ထိ ပြန်လွတ်မလာသေးပေ။
““တရားခံတွေဖမ်းမိဖို့ အမြန်ရှာနေပါတယ်။ ဒီကလူတွေက လာပြီး အကျိုးအကြောင်းပြောတာ နောက်ကျနေတယ်။ မလေးရှားနိုင်ငံရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားထားပါတယ်။ သူတို့လည်း တရားခံနဲ့ပြန်ပေးဆွဲခံရတဲ့သူတွေကို ရှာဖွေနေပါတယ်””ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြန်ပေးဆွဲခံရသူ၏ မိသားစုဝင်များက မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ နိုဝင်ဘာလဆန်းတွင် အကြောင်းကြားခဲ့သည်။ ပြန်ပေးဆွဲသူများသည် ကရင်ပြည်နယ် မိုင်းကံကျေးရွာရှိ ပြန်ပေးဆွဲခံရသူတို့၏ မိဘများထံကျပ်ငွေသိန်းနှစ်ရာတောင်းခံခဲ့ သောကြောင့် ဖခင်ဖြစ်သူဦးစော ဗလုပ်က ကျပ်သိန်းတစ်ရာကို အောက်တိုဘာလအတွင်းက လွှဲပေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ငွေလွှဲရာတွင် မလေးရှားနိုင်ငံရှိ စကြာ မင်းမြန်မာငွေလွှဲလုပ်ငန်းမှတစ်ဆင့်  လွှဲပို့ခဲ့သည်ဟုဆိုသည်။

ထိုလွှဲငွေကို မော်လမြိုင်မြို့မှ ကိုအလီနာမည်သို့ လွှဲပို့ပေးခဲ့သည်။ ကိုအလီမှတစ်ဆင့် ပြန်ပေးသမားများထံ ပေးပို့ခဲ့သည်ဟုဆိုသည်။ ထိုငွေလွှဲပေးသော  ကိုအလီကို မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ငွေလွှဲပြီး နှစ်ပတ်အကြာမှ ပြန်မလာသောကြောင့် မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့သို့ အကူညီတောင်းခံခြင်းဖြစ်သည်။

စောတင်ကျော်သည်  အသက် ၂၀ အရွယ်ဖြစ်ပြီး ပရိဘောဂစက်ရုံတွင် လုပ်ကိုင်နေသူဖြစ်ကာ ဦးလေးဖြစ်သူ ဦးအ၀င်းသည် အသက် ၄၃ နှစ်အရွယ်ဖြစ်ကာ မွေ့ရာစက်ရုံတွင် လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

““အစတုန်းက ဘားအံကို လာယူမယ်ပြောတာ။ နောက်ကျ ရန်ကုန်ကိုလွှဲပေးလို့ပြောတယ်။ နောက်တော့မှ မလေးရှားကို လွှဲခိုင်းလို့ လွှဲပေးလိုက်ရတာ။ ငွေလွှဲတာကို တစ်လလောက်ကြာပြီ။ လူကို ပြန်မလွှတ်ပေးသေးဘူး။ ဘားအံရဲစခန်းတော့ အကြောင်းကြားထားတယ်”” ဟု ဘားအံမြို့ မိုင်းကံကျေးရွာမှ စောတင်ကျော်၏ ဦးလေးတော်စပ်သူ ဦးမြလင်းကပြောသည်။

အဆိုပါပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်ပြီး ဘားအံမြို့နယ်ရဲတပ်ဖွဲ့ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ထိုပြန်ပေးဆွဲမှုကို မသိရှိကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
““ငွေလွှဲလက်ခံတဲ့သူကို  ဖမ်းမိထားပါတယ်။ ငွေလည်း ပြန်မရသေးပါဘူး။ လူလည်း ပြန်မလွှတ်သေးဘူး။ နောက်ထပ်တစ်ရာလည်း လွှဲမပေးပါဘူး။ ငွေလွှဲတဲ့သူက တရားခံမဟုတ်လောက်ဘူး။ အခု သူတို့နှစ်ယောက် သေပြီလား၊ ရှင်နေသေးလားဆိုတာကို မသိသေးပါဘူး။ ဒီနေ့အထိ ပြန်မလာသေးပါဘူး””ဟု မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်တွင် အလုပ်လုပ်ကိုင်နေပြီး စောတင်ကျော်၏ အစ်ကိုဖြစ်သူ ကိုရဲစိုးက နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

ပြန်ပေးဆွဲခံရသူ စောတင်ကျော်သည် မလေးရှားနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်း၏ဦးလေးသည် ကုလသမဂ္ဂဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူဖြစ်ကြောင်း  ကိုရဲစိုးက ဆက်လက်ပြောသည်။

7 Day Daily