မင်းလှတွင် ရဲတပ်သားဇနီး မောင်နှံစကားများရာမှ ဇနီးကဓားဖြင့်ထိုး၍ ရဲတပ်သား သေဆုံးမှုဖြစ်ပွား

ပို့စ်တင်ချိန် - 11/29/2013 12:08:00 PM


မကွေး၊ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး မင်းလှမြို့မရဲစခန်းမှ ရဲတပ်သား ရာဇာမင်းသည် ယခုလ ၂၆ ရက် ည ၁ဝ နာရီ ၁၅ မိနစ်က နေအိမ်လိုင်းခန်းတွင်ရှိနေစဉ် အရက်သောက်စားမူးယစ်ပြီး ၄င်း၏ ဇနီးဖြစ်သူ မသန်းသန်းမြင့်နှင့် စကားများရန်ဖြစ်ကြရာမှ ဇနီးဖြစ်သူ မသန်းသန်းမြင့်က ရာဇာမင်းအား အရိုးအသွားကိုးလက်မ ခန့်ရှိ မီးဖိုချောင်သုံးဓားဦးချွန်နှင့်ထိုးသဖြင့် ရဲတပ်သားရာဇာမင်း၏ ဆီးခုံယာဘက်ခြမ်း အကျယ်တစ်လက်မ၊ အနက် နှစ်လက်မဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဇနီးဖြစ်သူက မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ထံ လာရောက်အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးရာ ရဲတပ်သားရာဇာမင်းမှာ နေအိမ်လိုင်းခန်းရှေ့ဧည့်ခန်းတွင်သွေးထွက် လွန်ကာသတိလစ်နေသဖြင့် မင်းလှပြည်သူ့ဆေးရုံသို့တင်ပို့ရာ သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မင်းလှမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မသန်း သန်းမြင့်အား မင်းလှမြို့မရဲစခန်းက (ပ)၁၄၁/ ၂ဝ၁၃၊ ပုဒ်မ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ကျော်ဇေယျ (မကွေး) - The Union Daily