ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရဲထွဋ်(၉၂နှစ်)၏ကျန်ရစ်သူမိသားစု

ပို့စ်တင်ချိန် - 11/29/2013 11:32:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက်

ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရဲထွဋ်သည် နိုဝင်ဘာ ၂၇ ရက်(အမျိုးသားနေ့)
ည ၉ နာရီမိနစ် ၂၀ အချိန်ကရန်ကုန်မြို့သုခကမ္ဘာဆေးခန်း၌ကွယ်လွန်အနိစ္စ
ရောက်ရှိခဲ့ပါသည်။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မူဖြင့် ဂျပန်နိုင်ငံသို့ စစ်ပညာ
သင်ရန် သွားရောက်ခဲ့ကြသောမြန်မာမျိုးချစ်လူငယ်(၃၀)ဦးအနက်အငယ်ဆုံးဖြစ်ပြီး
ဂျပန်နိုင်ငံသို့ ဒုတိယအသုတ်အဖြစ်၁၉၄၁ ဧပြီ ၁၃ ရက်တွင်ထွက်ခွာသွားခဲ့သူ
ဖြစ်သည်။ရဲဘော်သုံးကျိပ်ဝင်အဖြစ်လွတ်လပ်ရေးအတွက်တပ်မတော်ဖွဲ့ ကာ
အမိမြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြ၍ဘီအိုင်အေ၊ဘီဒီအေနှင့်ဖက်ဆစ်
ဂျပန် တော်လှန်ရေးအပြီးတပ်မတော်တွင်ဆက်လက်တာဝန်ထမ်းခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက် သနက(၃)တပ်ခွဲမှူး၊ တပ်ရင်းမှူး တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ဗိုလ်ရဲထွဋ်သည် သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)၊ အရေးတော်ပုံတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊လွတ်လပ်ရေး မော်ကွန်းဝင်
(ပထမအဆင့်)၊နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမအဆင့်)တို့ကို ရရှိခဲ့သူဖြစ်သည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၏သားဖြစ်သူ ဦး ကျော်ရဲထွဋ်(ခ)ဦးကျော်ကျော်
က“သားတစ်ယောက်အနေနဲ့ Emotionတွေသိပ်မရှိတော့ အခုလုပ်စရာရှိတာ
ကိုလုပ်ပေးပါမယ်။ သူရှိခဲ့စဉ်အခါကလည်း သူလုပ်နိုင်တာတွေ လုပ်ခဲ့ တယ်။
အခုသူဆုံးသွားတော့လည်း လုပ်ပေးရမယ့်အလုပ်တွေကို ဆက်လုပ်ပေးပါ့မယ်။
သူ့ခေတ်က သူ့အရွယ်နဲ့သူ လုပ်နိုင်မယ်ထင်လို့ ရဲဘော်သုံးကျိပ်ထဲကို ဝင်သွား
တယ်။ ပါသွားတယ်။ ရဲဘော်သုံးကျိပ်ဖြစ်သွားတယ်။ ဒီဘက်ခေတ်ကျတော့
ဂုဏ်ယူရတာပေါ့။အဖေ့အတွက်ဂုဏ်ယူရတော့လည်း ဝမ်းသာတယ်။ ရဲဘော်သုံးကျိပ်မှာနောက်ဆုံးကျန်ခဲ့တဲ့ တစ်ယောက်ကိုး။ အရင်က သူယုံခဲ့တာကိုသူလုပ်ပြီးပြီလေ အခုသူဆုံးခါနီးမှာ ၆ လလောက်နေ
မကောင်းဘူး။ ဆုံးခါနီးတစ်လမှာ ဆေးရုံတတ်ရင်းနဲ့ပဲ ဆေးရုံမှာဆုံးသွား
တယ်။ကောင်းကောင်းမွန်မွန်ပါပဲ။ အိပ်ပျော်လျှက်နဲ့ပဲ ဆုံးသွားတာ။ ဘာတွေစီစဉ်ထားလဲဆိုတော့ ဆရာဝန်ကတော့ ကြိုပြောထားတယ်။
ဆုံးလိမ့်မယ်တဲ့ ဆွေမျိုးတွေ အသိမိတ်ဆွေတွေကို ကြိုပြောထားပါတဲ့။
ကျွန်တော်တို့က ကြိုပြီးတော့ သိထားတဲ့အတွက် သိပ်ပြီးတော့မစီစဉ်ရပါဘူး။ ဆွေမျိုးတွေကလည်းရန်ကုန်မှာရှိတယ်လေ။ ညီအစ်ကိုကလည်းနှစ်ယောက်
တည်းဆိုတော့ သိပ်အကြောင်းကြားဖို့ဘယ်သူ့ကိုမှ သိပ်ပြောပြီးခေါ်စရာလည်း
မရှိဘူးလေ။ ဆုံးတော့ဆုံးသွားပြီ ဘာမှတော့မခံစားရဘူး။ သေမယ်ဆိုတာကြို
သိထားတာကိုး။ ”ဟုပေါ်ပြူလာ၏မေးမြန်းမူကိုဖြေကြားပေးပါသည်။
ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရဲထွဋ်သည်ကွယ်လွန်ချိန်တွင် အသက် (၉၂)နှစ်
ရှိပြီဖြစ်ပြီး ဦးကျော်ကျော်နှင့် ဦးအောင်အောင် တို့သားနှစ်ယောက် ကျန်ရှိခဲ့သည်။
(ပေါ်ပြူလာဂျာနယ်အဖွဲ့ ရောက်ရှိချိန်မှာNlDပါတီနာယကကြီးဦးတင်ဦးရောက်ရှိကာ
ဝမ်းနည်းမှတ်တမ်းတွင်ဝမ်းနည်းကြောင်းစာလွှာရေးသားသွားခဲ့ပါသည်။)
သတင်း-ထက်လူ၊ဓါတ်ပုံ-မင်းမင်ထွန်း

Popular Myanmar News Journal