တပ်မတော်အစိုးရ၏ လုပ်ရပ်များ လက်စားချေလိုစိတ် မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 11/29/2013 01:43:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ဆယ်စုနှစ်နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ်နှင့် ကန့်သတ် ဖိနှိပ်မှုများအောက် နေထိုင်ခဲ့ရသော်လည်း တပ်မတော်အစိုးရ၏ လုပ်ရပ်များအပေါ်၌ ပြန်လည် လက်စားချေလိုစိတ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

(၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် Australia Network News တို့ တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ယခင်အစိုးရက နှစ်ပေါင်း ၁၅ နှစ်အကြာ နေအိမ် အကျယ်ချုပ်၌ ချထားခဲ့သည်မှာ မှန်သော်လည်း ယင်းကာလများအတွင်း လုံခြုံရေးတပ်ဖွဲ့ အပါအဝင် တွေ့ဆုံခဲ့သည့် အစိုးရ ကိုယ်စားလှယ် အားလုံးမှာ သူမအပေါ် လေးလေးစားစား ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဒါပေမဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ ဘဝအချို့ဟာ တကယ်ပဲ အတိဒုက္ခ ရောက်ခဲ့ကြတယ်။ အဲဒီအတွက် အရင်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ခွင့်လွှတ်ဖို့ အရမ်းကို ခက်ခဲနေမယ့်သူ အချို့တော့ ရှိမှာပေါ့။ ဒါကိုလည်း နားလည် ပေးနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး အကြိမ်ကြိမ် အကျဉ်းကျခံခဲ့ရကာ အကျဉ်းထောင်အတွင်း ဖိနှိပ် ခံခဲ့ရမှုများကို ခွင့်လွှတ်နိုင်သော်လည်း မေ့ပစ်နိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ၂၀၁၂ ခုနှစ်အတွင်း အကျဉ်းထောင်မှ နောက်ဆုံး ပြန်လည် လွတ်မြောက်ပြီးနောက် ပြောဆိုထားသည်။

ဖိနှိပ်မှုများအပေါ် ခွင့်မလွှတ်နိုင်သူ များကို နားလည် ပေးနိုင်သော်လည်း အမြင်ကျယ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း၊ ရန်ကိုရန်ချင်း တုံ့ပြန်နေမည် ဆိုပါက အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းများအတွက် အရေးကြီးသည့် နှစ်ကာလ အပိုင်းအခြားကို ရောက်ရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲများ ရှေ့ဆက်ရန်နှင့် ဒီမိုကရေစီစနစ် အောင်မြင်စွာ ကျင့်သုံးနိုင်ရန် အခြေခံအကျဆုံး ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း တပ်မတော်အစိုးရက အာဏာမလွှဲပေးခဲ့ပေ။

ယင်းနောက် နှစ်ပေါင်း ၂၀ အကြာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသော ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကတိကဝတ်များဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

The Voice Weekly