ကျောက်ဖြူ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် မီးလောင်မူ ဖြစ်ပွား

ပို့စ်တင်ချိန် - 11/29/2013 10:46:00 AM


(နိရဉ္စရာ- ၂၈ နိုဝင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၊ ကံ့ကော်တော ဘုရား အနီးရှိ  ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းတွင် နိုဝင်္ဘာလ ၂၇ ရက် ညနေက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

“ မီးလောင်တာက မနေ့က  ညနေ ၇ နာရီခွဲခန့်မှာ လောင်တာပါ။  ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ  ကန်ထရိုက် လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့ Hyundai Heavy Industries (HHI) ကုမ္ပဏီပိုင် ပိုက်လုံးတွေကို မီးလောင်တာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းမီးအား  ကုမ္ပဏီဝန်ထမ်းများ၊ ကျေးရွာသားများနှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များက အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် ညနေ ၈ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။



သို့သော်လည်း ပိုက်လုံး အတော်များများမှာ မီးလောင်ကျွမ်းသွားခဲ့သဖြင့် ပျက်စီးဆုံးရှုံးမူ ပမာဏ များပြားကြောင်း သူက ဆိုသည်။

ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ကုမ္ပဏီ တာဝန်ရှိသူများမှ ထုတ်ဖော်ပြော ကြားခြင်း မရရှိဟု သိရသည်။

narinjara burmese news