ပုဂံစေတီပုထိုးများတွင် ညအိပ် နိုင်ငံခြားဧည့်သည် တင်းကျပ်စွာ စစ်ဆေး

ပို့စ်တင်ချိန် - 11/29/2013 01:42:00 PM


မန္တလေး၊ နိုဝင်ဘာ၂၈

မြန်မာတို့၏ ရှေးဟောင်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး ပုဂံဒေသ အတွင်းရှိ ဘုရား၊ စေတီပုထိုး များတွင် နိုင်ငံခြား ခရီးသွားအချို့၏ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အပြုအမူများနှင့် ညအိပ်စက်ခြင်းတို့နှင့် ပတ်သက်၍ တင်းကျပ်စွာ စစ်ဆေးလျက် ရှိကြောင်း ပုဂံဒေသ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း The Voice သို့ ပြောကြားသည်။

“အခု လုံခြုံရေးကိုလည်း အရင်ထက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတယ်။ နိုင်ငံခြားသားတွေကိုတော့ အရေးယူလို့ မရဘူး။ အဲလိုမျိုးတွေ ရှိလာရင် ခေါ်ပြီး သတိပေးတာမျိုး၊ နားလည်အောင် သဘောပေါက်အောင် ရှင်းပြတာမျိုးပဲ လုပ်လို့ရတယ်” ဟု ၎င်းကဆိုသည်။

ကမ္ဘာလှည့် ခရီးသွား အချို့က ပုဂံဒေသရှိ ဘုရား ပရိဝုဏ်များပေါ်တွင် နံနက်မိုး မလင်းမီ အစောပိုင်းအချိန် အိပ်စက်ခြင်း၊ အနားယူခြင်း၊ အဝတ်စားလဲခြင်း၊ ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အပြုအမူ ဆောင်ရွက်မှုများ ရှိနေကြောင်း ၎င်းက ပြောကြားသည်။
“အခုလို ဖြစ်စဉ်တွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဘုရားအစောင့်တွေကိုတော့ လုံခြုံရေး သေချာ ဂရုစိုက်ပြီး လုပ်ခိုင်းထားတယ်။ ဘုရားပေါ်မှာ ညဘက်အိပ်တာတို့ ဘာတို့သိရင် သွားပြောပြီး ပြန်ခိုင်းတယ်။ မီဒီယာတစ်ခုက ဘုရားပေါ်မှာ နိုင်ငံခြားသားတွေ အိပ်တာ၊ ဖိနပ်စီးတာ၊ အဝတ်လဲတာ တွေကို ဓာတ်ပုံရိုက်ပြီး အယ်ဒီတာထံ ပေးစာနဲ့ ပို့တယ်။ တကယ်ဆိုသူက ဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ သူမြင်တယ်ဆိုရင် သွားပြီး ပြောရမယ်လေ ဒီလိုမလုပ်ဖို့” ဟု ဦးနိုင်ဝင်းက ထပ်မံပြောကြားသည်။

ညဘုရား ပိတ်ချိန်များတွင် ဘုရားတာဝန်ကျ ဝန်ထမ်းများနှင့် Tourism Police များက ဘုရားပုထိုးများတွင် ခရီးသွား ကျန် မကျန် စစ်ဆေးကြောင်း၊ နိုင်ငံခြား ခရီးသွားများ နံနက် အစောပိုင်းအချိန် ဘုရားပရိဝုဏ်တွင် အိပ်စက် အနားယူခြင်းများသည် တစ်ကိုယ်တည်း ခရီးသွားအများစု လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့သည် နံနက် ၄ နာရီ အချိန်တွင် ပုဂံဒေသသို့ ရောက်ပြီး နံနက် ၄ နာရီ ဟိုတယ်၊ တည်းခိုခန်းများတွင် သွားရောက် တည်းခိုပါက မွန်းတည့် ၁၂ နာရီအချိန်တွင် တစ်ရက်စာ ပေးရမည် ဖြစ်သဖြင့် ခရီးစရိတ် ချွေတာသည့် အနေနှင့် ဘုရားများတွင် သွားရောက်နေကြခြင်း ဖြစ်ကြောင်း ပုဂံဇုန် ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

“အခုချိန်မှာ သတင်းထွက်နေတာ ဘုရားမှာ ခရီးသွားတွေ အိပ်တယ်လို့ သတင်းထွက်နေတာ။ တကယ်တော့ မဟုတ်ဘူး။ နံနက်ပိုင်း ပုဂံကို ရောက်တဲ့အချိန် ဖြစ်မယ်။ တချို့တွေ အိပ်တာတော့ ရှိတယ်၊ သိတာနဲ့ ချက်ချင်းသွားပြောတယ်၊၊ တချို့ နိုင်ငံခြားသားတွေက ပြောလို့မရဘူး။ ဂျစ်ကန်ကန် လုပ်နေတယ်။ ပြန်ပြီးတော့ ကားနဲ့ ညချင်းပြန်ခိုင်းတာတွေ ရှိတယ်” ဟု ဦးဇော်ဝင်းချိုက ဆိုသည်။

ပုဂံ ရွှေဆံတော် ဘုရားပေါ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ဂျာမန် အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် Sleeping Bag များ ယူဆောင်လာပြီး အိပ်စက်နေခြင်း၊ အမျိုးသမီး ဖိနပ်စီးထားခြင်း တို့ကို တွေ့ရှိခဲ့ကြောင်း အဆိုပါနေ့က နေထွက်ချိန်ကို သွားရောက် ကြည့်ရှုရာမှ ယင်းဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသည့် ပြည်တွင်း ခရီးသွားတစ်ဦးက The Voice ၏ ပေးစာကဏ္ဍတွင် ရေးသား ဖော်ပြထားသည်။

ပုဂံဒေသသို့ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြားသား ဝင်ရောက်မှုသည် ၁၆၂,၀၀၀ ဦးကျော် ရှိပြီး ယခုနှစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၁၆၀,၀၀၀ ဦးထိ ရှိပြီး ဖြစ်ကြောင်း မြန်မာ့ ခရီးသွားလုပ်ငန်း၏ စာရင်းများအရ သိရသည်။

The Voice Weekly