RSO လက်နက်ကိုင်သောင်းကျန်းသူများ မြန်မာလုံခြုံရေးတပ်ဖွဲ့များကိုပင် တိုက်ခိုက်လာခြင်းကြောင့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် ဒေသခံများ လိုလား

ပို့စ်တင်ချိန် - 5/26/2014 04:57:00 AM


သားရွှေဦး(ကစ္ဆပ)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီးတွင် တွေ့ရသော လုံခြုံရေး ကင်းစခန်းတစ်ခု
တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များကိုပင် ပစ်ခိုက်တိုက်ခိုက်မှု ပြုလုပ်လာခြင်းကြောင့် မောင်တောနယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောကြားသည်။

ယခင်က မောင်တောနယ်စပ်တွင် လက်နက်ကိုင် ဓားပြများသာ ရှိခဲ့ပြီး ယခုကဲ့သို့ အင်အားဖြင့် ဝင်ရောက်လှုပ်ရှားမှုများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ဝင်ရောက်လှုပ်ရှားလာခြင်းမှာ မောင်တောမြို့နယ်အတွင်း သောင်းကျန်းမှု ခြေကုပ်ရယူရန် စတင်ကြိုးပမ်းလာခြင်းဖြစ်၍ အမြစ်ပြတ် ချေမှုန်းတားဆီးရန် လိုအပ်နေသလို နယ်စပ်လုံခြုံရေးအား အလေးထားရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် (၅၂) အနီးတွင် မေ ၁၇ ရက်က (RSO)အမည်ခံ ဘင်္ဂါလီသောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

နယ်စပ်ဒေသများတွင် နေထိုင်သူများမှာ ဘင်္ဂါလီအများစုဖြစ်ပြီး မူဂျာဟစ် သောင်းကျန်းသူများသည် ၁၉၇၄ ခုနှစ်အထိ လှုပ်ရှားမှုများ ရှိခဲ့ဖူးကြောင်း သိရသည်။ ဘင်္ဂါလီ သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံကို အခြေပြုလှုပ်ရှားနေပြီး အခွင့်အခါရလျှင် ရသလို မောင်တောနယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့ရာ ၁၉၉၅ ခုနှစ် ဝန်းကျင်ကလည်း ပင်လယ်ကမ်းခြေ ကျောက်ပန္ဒူကျေးရွာ အနီးမှ လက်နက်ဖြင့် ဝင်ရောက်ခဲ့ဖူးပြီး တပ်မတော်မှ အမြစ်ပြတ် ချေမှုန်းနှိမ်နင်း ခဲ့ရသည်။

၁၉၄၈ ခုနှစ်မှ ၁၉၅၆ ခုနှစ် ကာလအထိ မူဂျာဟစ် သောင်းကျန်းသူများကြောင့် မောင်တောနယ်စပ်ရှိ ရခိုင်ကျေးရွာများ အားလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဆိုပါ ကျေးရွာများတွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ အခြေစိုက် နေထိုင်လာခဲ့ပြီး ရခိုင်တိုင်းရင်းသားပိုင် လယ်မြေများမှာလည်း ၎င်းတို့လက်ဝယ် ရောက်ရှိခဲ့ရကြောင်း ဒေသခံများက ပြောကြသည်။

နယ်ခြားစောင့်တပ် နေရာယူထားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေဖြစ်တယ်။ တိုက်ခိုက်ရေးစွမ်းရည် မရှိဘူး။ ဒေသနယ်မြေ အခြေအနေလည်း ကျွမ်းကျင်မှုမရှိဘူး။ တကယ်ဆို လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးကျွမ်းကျင်ဖို့ လိုသလို ဒေသအခြေအနေကိုလည်း သိဖို့လိုတယ်။ နောက်ပြီး နယ်ခြားစောင့်တပ်ဟာ နယ်စပ်ကင်းစခန်းမှာပဲ စောင့်နေလို့ မရဘူး။ မြို့နယ်အတွင်းက ဘင်္ဂါလီရွာတွေကို သတင်းတွေ အမြဲတမ်းစုံစမ်းနေပြီး သောင်းကျန်းသူတွေ ဝင်ရောက်မှု ရှိ၊ မရှိ ဖော်ထုတ်ဖို့လို . . . . .

လက်ရှိ မောင်တောနယ်စပ် ဒေသတစ်လျှောက် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ သင်တန်းခြောက်လ တက်ရောက်ကာ လာရောက်တာဝန် ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားသည့် အချိန်တွင် အသင့်အနေအထား မရှိကြောင်း၊ လေ့ကျင့်သည့်ကာလ နည်းပါးသည့်အတွက် တိုက်ခိုက်မှုစွမ်းရည် ညံ့ဖျင်းရခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ကြပြီး နယ်စပ်တစ်လျှောက် လုံခြုံရေး ဆောင်ရွက်နေကြရာတွင် တပ်စု၊ တပ်စိတ်များအတွင်း လူအင်အား သဘောမျိုးထက် အတွေ့အကြုံရှိသော ဝါရင့်တပ်ဖွဲ့ဝင်များကို ထားရှိကွပ်ကဲသင့်ကြောင်း အတွေ့အကြုံရှိသည့် ရဲအရာရှိတစ်ဦးက ဆိုသည်။

တပ်စိတ်တစ်စိတ်တွင် ဒုရဲအုပ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် တပ်သား ၁ဝ ဦးမှ ၁၁ ဦးထိ ပါရှိရမည် ဖြစ်သော်လည်း မေ ၁၇ ရက်ဖြစ်စဉ်တွင် အတွေ့အကြုံရှိသည့် တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် တစ်ဦးတစ်ယောက်မှ မပါဘဲ ဒုရဲအုပ်တစ်ဦးနှင့် ကျန်တပ်ဖွဲ့ဝင်များမှာ တပ်သားအဆင့်သာ ဖြစ်ကြောင်းလည်း သိရသည်။

“အခု တစ်ဖက်နိုင်ငံမှာ ခိုအောင်းနေတဲ့ သောင်းကျန်းသူတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပစ်ခတ်တော့ ရဲတွေသေဆုံးတာ ရှိခဲ့တယ်။ နယ်ခြားစောင့်တပ်က အားရစရာမမြင်တော့ ဒေသခံတွေက စိတ်ချလို့ရမယ့် အခြေအနေ မရှိဘူး ခံစားနေရတယ်။ နယ်ခြားစောင့်တပ် နေရာယူထားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေဖြစ်တယ်။ တိုက်ခိုက်ရေးစွမ်းရည် မရှိဘူး။ ဒေသနယ်မြေ အခြေအနေလည်း ကျွမ်းကျင်မှုမရှိဘူး။ တကယ်ဆို လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးကျွမ်းကျင်ဖို့ လိုသလို ဒေသအခြေအနေကိုလည်း သိဖို့လိုတယ်။ နောက်ပြီး နယ်ခြားစောင့်တပ်ဟာ နယ်စပ်ကင်းစခန်းမှာပဲ စောင့်နေလို့ မရဘူး။ မြို့နယ်အတွင်းက ဘင်္ဂါလီရွာတွေကို သတင်းတွေ အမြဲတမ်းစုံစမ်းနေပြီး သောင်းကျန်းသူတွေ ဝင်ရောက်မှု ရှိ၊ မရှိ ဖော်ထုတ်ဖို့ လိုတယ်။ အခု မောင်တောမြို့နယ်ထဲမှာရှိတဲ့ ဘင်္ဂါလီတွေဟာ မိုဘိုင်းဖုန်းတွေနဲ့အပြင်က အဖွဲ့တွေကို အချိတ်အဆက်လုပ်ပြီး သတင်းတွေ ပို့နေကြတယ်။ စခန်းမှာ အင်အားဘယ်နှယောက် ရှိတယ်။ ဘယ်နေရာမှာ လုံခြုံရေး မရှိဘူးဆိုပြီး အတွင်းက သတင်းပေးတွေနဲ့ ဆက်သွယ်လှုပ်ရှားနေတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးလှရွှေက ပြောကြားသည်။

“မောင်တောမြို့နယ်ဟာ တောင်နဲ့မြောက် မိုင် ၈ဝ ခန့် ရှည်လျားတယ်။ မိုင် ၈ဝ လုံး လုံခြုံရေးယူရတာ အလွန်ခက်ခဲပါတယ်။ အခု ချပေးထားတဲ့ နယ်စပ်ဒေသလုံခြုံရေးဆိုတဲ့တပ်ဟာ အရင်လုံထိန်းတပ်ရင်းနဲ့ ပြောင်းပစ်လိုက်တဲ့ နစကတပ်ရင်းနဲ့ အတူတူပါပဲ။ နစကကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ရုပ်သိမ်းခဲ့သလို အခုတပ်ကိုလည်း ရုပ်သိမ်းနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါကြောင့် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ကို အထူးအာဏာ အပ်နှင်းထားတဲ့ ဥပဒေပြု ဖွဲ့စည်းဖို့အတွက် တောင်းဆိုပါတယ်။ ဒီနေရာမှာ နယ်စပ်လုံခြုံရေးနဲ့ စပ်လျဉ်းပြီး ရခိုင်လက်နက်ကိုင် တပ်မတော်များကို နယ်ခြားစောင့်တပ်အဖြစ် ပါဝင်ပြီး ထမ်းရွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်” ဟု မောင်တောမြို့ခံရှေ့နေ ဦးအောင်ကျော်ညွန့်က ဆိုသည်။

ရခိုင်လူမှုကွန်ရက် မောင်တောခရိုင် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းကလည်း ယနေ့အချိန်အထိ တိုင်းရင်းသားများမှာ အလှည့်ကျ ကင်းစောင့်နေရကြောင်း၊ စစ်တပ်မှာ မြို့နှင့်ခပ်လှမ်းလှမ်းတွင် တည်ရှိသော်လည်း လူဦးရေများသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကို တိုင်းရင်းသားများ အနေဖြင့် တပ်အကူ ရောက်လာသည်အထိ တောင့်ခံနိုင်ခြေ မရှိကြောင်း ပြောကြားသည်။

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ ရဲကင်းစခန်းများတွင် ရဲတပ်ဖွဲ့အင်အား၊ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ကိရိယာ၊ ယင်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု၊ အဓိကရုဏ်းနှိမ်နင်းရေး စွမ်းရည်များ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ဒုချီးရားတန်းဖြစ်စဉ်များ စစ်ဆေးရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၏ လုံခြုံရေး အနေအထားမှာ အခြားဒေသနှင့်စာလျှင် နှစ်ဆနီးပါးခန့်ဖြစ်ကြောင်း၊ သို့ရာတွင် အပြည့်အဝ လုံခြုံရေးပေးရန် အင်မတန် ခက်ခဲသည့်ကိစ္စ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ သဘာဝ အနေအထားအရ သွားရေးလာရေး ခက်ခဲခြင်း၊ အခြေခံအဆောက်အဦ နည်းပါးခြင်း၊ စားဝတ်နေရေးအတွက် လယ်သွား၊ ယာသွားကိစ္စမှာ လုံခြုံရေးပေးရန် ခက်ခဲကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြားသည်။

ယင်းအပြင် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် နယ်ခြားဒေသ အုပ်ချုပ်မှုအာဏာ သက်ရောက်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်ရန် အမှတ် (၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ် မတ် ၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး ယင်းနယ်ခြားစောင့် တပ်ဖွဲ့အောက်တွင် အမှတ် (၂)ရဲတပ်ရင်း၊ အမှတ်(၁၃) ရဲတပ်ရင်းနှင့် အမှတ် (၃၇)ရဲတပ်ရင်းများက နယ်မြေအလိုက် တာဝန်ယူထားလျက် ရှိကြောင်းနှင့် ထပ်မံပြီး အမှတ် (၃၉)ရဲတပ်ရင်းအား မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီကျေးရွာနှင့် ဒေါင်းကျေးရွာကြားတွင် ချထားမည်ဖြစ်ကြောင်း သိရသည်။


နယ်စပ်ခြံစည်းရိုးအနီး လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်စပ်လုံခြုံရေး ကင်းစခန်းများအား နယ်စပ်မှတ်တိုင် (၆၄) အထိ တည်ဆောက်ပြီးဖြစ်ကြောင်း အဆိုပါ လုံခြုံရေးကင်းစခန်းများအား မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်/ထွက် အများဆုံး ရှိနေသည့် နေရာများတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့် အနေဖြင့် နယ်စပ်ကင်းစခန်း ၂၇ ခု၊ ဒုတိယအဆင့် အနေဖြင့် ကိုးခုတည်ဆောက်ထားပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားပြီးဖြစ်သည်။

“ရဲတပ်ဖွဲ့ဝင်တွေအားလုံး မောင်းပြန်လက်နက်တွေ ကိုင်ဆောင်တာ မရှိဘူး။ ဒါပေမဲ့ ဖြစ်ပေါ်နေတဲ့ အနေအထားတွေအရ အားလုံးမဟုတ်တောင် တချို့တစ်ဝက်ကိုတော့ ခေတ်မီလက်နက်တွေ တပ်ဆင်ဖို့ လိုလာပြီလို့ တင်ပြထားတာ ရှိပါတယ်။ အရေးရယ်အကြောင်းရယ် ဖြစ်လာပြီဆို ကိုယ့်သေနတ်က အမှန်တကယ် အားကိုးလောက်တဲ့ အနေအထားမရှိရင် ကိုယ့်အတွက် အန္တရာယ်ရှိတာပေါ့” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက ဇန်နဝါရီလအတွင်းက ပြောကြားသည်။

မောင်တောနယ်စပ်တွင် လက်နက်ကိုင် ရဲတပ်ဖွဲ့အား ဘင်္ဂါလီများက တိုက်ခိုက်မှုမှာ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အနည်းဆုံး ခုနစ်ကြိမ်ခန့် ရှိခဲ့ကြောင်း သိရသည်။ ၂ဝဝ၁ ဇူလိုင် ၁၁ ရက်တွင် မောင်တောမြို့နယ်မြို့ သူကြီးကျေးရွာမှ ဘင်္ဂါလီများ တိုက်ခိုက်ပြီး တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့မှု၊ ၂ဝဝ၁ နိုဝင်ဘာ ၂၃ ရက်တွင် မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံရဲစခန်းတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးကာ ရိုင်ဖယ်ခြောက်လက် ယူဆောင်သွားမှု၊ ၂ဝဝ၄ စက်တင်ဘာ ၂ ရက်တွင် ဒုရဲအုပ်တစ်ဦးအား ဘင်္ဂါလီများတိုက်ခိုက်၍ သေဆုံးခဲ့ပြီး လက်နက်ပျောက်ဆုံးခဲ့မှု၊ ၂ဝဝ၈ စက်တင်ဘာ ၁၈ ရက်ညက ကင်းချောင်းရဲစခန်းမှ တပ်ကြပ်ကြီးနှင့် ရဲသုံးဦးအား ဘင်္ဂါလီများတိုက်ခိုက်၍ ဒဏ်ရာရရှိခဲ့မှု၊ ၂ဝဝ၉ ဧပြီ ၂၂ ရက်တွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့အား သက်ချောင်းရွာမှ ဘင်္ဂါလီများတိုက်ခိုက်၍ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှု၊ ၂ဝ၁၃ မတ် ၂၇ ရက်က တရားခံအား လိုက်လံရှာဖွေနေသည့် ရဲတပ်ဖွဲ့အား ဘင်္ဂါလီအုပ်စုက ဝိုင်းတိုက်ခိုက်၍ ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့မှု၊ ၂ဝ၁၄ ဇန်နဝါရီ ၁၃ ရက်က ကင်းလှည့်ရဲတပ်ဖွဲ့အား ဒုချီရားတန်းကျေးရွာမှ ဘင်္ဂါလီများ တိုက်ခိုက်၍ တပ်ကြပ်ကြီးတစ်ဦးနှင့် လက်နက်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်မေ ၂၁ ရက်က ပြုလုပ်သော နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်းဖက်မှုများတွင် အဆိုပါ သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံတွင် အခြေပြု လှုပ်ရှားနေသူများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ သောင်းကျန်းသူများအား ပူးပေါင်းနှိမ်နှင်းပေးစေလိုကြောင်း ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB တပ်ရင်းမှ တပ်ရင်းမှူးက အဆိုပါ သောင်းကျန်းသူများသည် မိမိနိုင်ငံတွင်ရှိသူများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားလျှင် သောင်းကျန်းသူ နယ်မြေအဖြစ် သတ်မှတ်ကာ တပ်မတော်မှ ရှင်းလင်းဆောင်ရွက်သွားတော့မည်ဟု မြန်မာဘက်မှ ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

“ပစ်ခတ်မှု ဖြစ်ပြီးနောက်ရော မဖြစ်ခင်ကတည်းက နယ်စပ်ရွာတွေနဲ့ ခြံစည်းရိုးတစ်လျှောက် လုံခြုံရေး ဆောင်ရွက်နေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးယူထားပြီး တပ်မတော်က အားဖြည့်ထားပါတယ်” ဟု အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နောက်ဆုံးသိရသော အချက်အလက်များအရ မောင်တောမြို့နယ်တွင် နယ်မြေရှစ်ခု၊ ရဲကင်းစခန်း ၁ဝ၁ ခု၊ ဘူးသီးတောင်မြို့နယ်တွင် နယ်မြေတစ်ခု ရဲကင်းစခန်းရှစ်ခုဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


News Eleven