နေ့စားလပေးအောင်စာရင်း သွားကြည့်သည့် မိန်းကလေး ကားကြိတ်ခံရ၍ သေဆုံး

ပို့စ်တင်ချိန် - 5/26/2014 10:11:00 PM



ရေတာရှည်၊ မေ ၂၆
မေလ(၂၅)ရက်နေ့၊ နံနက်(၇း၄၅)နာရီအချိန်က ရေတာရှည်မြို့ မြောက်ဘက်၊ မယ်ဒက်ကယ် ဘုရားလမ်းနှင့် ရန်ကုန် မန္တလေး ကားလမ်းဆုံသည့် နေရာတွင် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်က ကားလမ်းအတိုင်း မောင်းနှင်နေသော (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်ရာမှ ဆိုင်ကယ်အနောက်တွင် စီးနင်းလိုက်ပါလာသူ ကားကြိတ်ခံရ၍ သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးတွင်၊ နေ့စားလပေးစာမေးပွဲ အောင်စာရင်းကြည့်ရန် ဒိုးတန်းကျေးရွာတွင် နေထိုင်သည့် မ(----)(၂၃)နှစ် မောင်းနှင်ပြီး နောက်တွင်တစ်ရွာတည်းနေ မ(----) (၂၆)နှစ်၊ လိုက်ပါလာ သည့် ဆိုင်ကယ်သည် မယ်ဒက်ကယ်ဘုရား - ရေတာရှည် ကားလမ်းအတိုင်းမောင်းနှင်လာစဉ် ရန်ကုန် - မန္တလေးကား လမ်း မိုင်တိုင်အမှတ် (၁၉၂/၇)နှင့် (၁၉၃/၀)အကြား အရောက်တွင် ဝဲဘက်သို့ ချိုးကွေ့ရာ၌ ကားလမ်းအတိုင်း မြောက်မှတောင်သို့ ကျော်လှ(၃၅)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ နေသူမောင်းနှင်လာသည့် အစိမ်းရောင် (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် မ(------)မှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ကား၏နောက်ဘီးဖြင့် ကြိတ်မိပြီး ယာခြေထောက်ကျိုး၊ ခါးပွန်းပဲ့ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။ ဆိုင်ကယ်မောင်းနှင်သူ မ(-----)တွင် ယာလက်မောင်းနှင့် တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့၍ ရေတာရှည်မြို့မရဲစခန်း ယာဉ်(ပ) ၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar