Hunger Games ရုပ်ရှင်ကား လက်ထောက်ဒါရိုက်တာရဲ့သားက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို သတ်ဖြတ်

ပို့စ်တင်ချိန် - 5/26/2014 10:12:00 PM




The Hunger Games ဇာတ်ကားတွေရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ Peter Rodger ရဲ့ သား Elliot Rodger ဟာ သောကြာနေ့ ညက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် Elliot ဟာ ဒီသတ်ဖြတ်မှုကို မစတင်ခင် နာရီပိုင်းအလိုမှာ သူ့ ရဲ့မိဘနဲ့  စိတ်ကျန်းမာရေးဆရာဝန် အပါအ၀င် လူ အမြောက်အများကို စာမျက်နှာ ၁၄၀ ပါတဲ့ ဖိုင်တစ်ခုကို အီးမေးလ်ကနေ တဆင့်ပေးပို့ ခဲ့ပါတယ်။

အမေဖြစ်သူ Lichin Rodger ဟာ ဒီအီးမေးလ်ကို ရရချင်း သူ့ သားရဲ့ Youtube ချန်နယ်ကို သွားကြည့်တဲ့ အခါမှာတော့ “လက်တုံ့ ပြန်ခြင်း” လို့ နာမည်တပ်ထားတဲ့ ဗီဒီယိုဖိုင်အသစ်တစ်ခုကို တွေ့ ရှိခဲ့ပြီး Santa Barbara မှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က မိန်းကလေးအဆောင်တစ်ခုမှာ မိန်းကလေးတွေကို သတ်ဖြတ်မယ့် သားရဲ့အကြံအစည်ကို သိရှိခဲ့ရပါတယ်။

CNN သတင်းဌာနအဆိုအရ Mrs.Rodger ဟာ ဒီဗီဒီယိုကို ကြည့်ပြီးပြီးချင်း ကွာထားတဲ့ခင်ပွန်းဖြစ်သူ Peter Rodger ကို သတိပေးပြီး ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ လင်မယားနှစ်ယောက်ဟာ Los Angeles ကနေ Santa Barbara ကို ထွက်လာပြီး သားရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပါပြီ။ Santa Barbara သွားနေတဲ့ လမ်းမှာတင် ဒီပစ်ခတ်မှုအကြောင်း ကြားလိုက်ရပါတော့တယ်။

ဧပြီလတုန်းကလည်း လူသတ်တရားခံ Elliot ဟာ အခုလိုမျိုးဗီဒီယိုတွေကို Youtube မှာ တင်ခဲ့တဲ့အတွက် Santa Barbara စိတ်ကျန်းမာရေးဖုန်းလိုင်းကနေ အမျိုးသမီးတစ်ယောက်က ရဲတွေကို ဖုန်းဆက် အကြောင်းကြားပြီး ရဲခြောက်ယောက် သူ့ အိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပေမယ့် သံသယဖြစ်စရာတစ်ခုမှ မတွေ့  ရှိခဲ့ဘူးလို့ ဆိုပါတယ်။

Elliot Rodger ဟာ ဒီသတ်ဖြတ်မှုမတိုင်ခင် လွန်ခဲ့တဲ့သုံးနှစ်တုန်းက Hunger Games ရုပ်ရှင်မိတ်ဆက်ပြပွဲမှာ ကော်ဇောနီပေါ် သူ့ ဖခင် လက်ထောက်ဒါရိုက်တာ Peter Rodger နဲ့ အတူ ပါလာခဲ့ပါသေးတယ်။ အခုတော့ Elliot ဟာ အမေရိကရဲ့ သွေးအေးလူသတ်သမားတစ်ဦးဖြစ်လာပါပြီ။ Elliot ဟာ တက္ကသိုလ်ကျောင်းဝင်း အတွင်း ညစာစားနေတဲ့ လူအုပ်ဘက်ကို သူ့ ရဲ့ MBW ကားနက်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး လူသုံးဦးသေဆုံးကာ လူ ၁၃ ဦးဒဏ်ရာရရှိစေခဲ့ပါတယ်။ Elliot ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူတွေဟာ  California ပြည်နယ် Santa Barbara  မြို့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေဖြစ်ပြီး သူ့ ရဲ့ အခန်းဖော်နှစ်ဦးကို အတူနေအခန်းတွင်း သတ်ဖြတ်ခဲ့ကာ နောက်သားကောင်တစ်ဥိးဖြစ်သူ George Chen ၁၉ နှစ်ရဲ့ အလောင်းကိုတော့ သူမနေတော့တဲ့ တိုက်ခန်းတစ်ခုမှာ တွေ့ ခဲ့ပါတယ်။  Elliot ဟာ နောက်ဆုံးမှာတော့ သူ့ ရဲ့ BMW ကားထဲမှာပဲ ခေါင်းကို သေနတ်နဲ့ ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

Elliot ဟာ အသက် ၂၂ နှစ်အရွယ်ထိ လူပျိုဘ၀မှာပဲ ရှိသေးပြီး မကြာသေးမီက မိန်းမတစ်ယောက်ရဲ့ ငြင်းဆန်ခြင်းကို ခံခဲ့ရတဲ့အပြင် သူ့ ရဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ညံ့ဖျင်းမှုကြောင့် မိန်းမတွေကို စိတ်အနာကြီးနာနေသူပါ။ သူတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ မိန်းမတွေကို ‘မနှစ်မြို့ စရာ တိရိစ္ဆာန်တွေ’ လို့  သမုတ်ထားပြီး သူ့ လို လူကြီးလူကောင်းဆန်တဲ့လူတစ်ယောက်ကို ငြင်းဆန်တဲ့အတွက် အပြစ်တင်ထား ပါသေးတယ်။

Ref: Dailymail.co.uk ,Telegraph.co.uk

Trend