ဖုန်းဆိုင်များမှ ဖုန်းနှင့်ပစ္စည်းများခိုးယူခံရသည့် အမှုများပေါ်ပေါက်

ပို့စ်တင်ချိန် - 5/26/2014 06:07:00 PM


ရန်ကုန်၊ မေ ၂၆ ၁၃.၅.၂၀၁၄ရက်နေ့ ၀၉၃၀အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိE Cityဖုန်းအရောင်းဆိုင် မှ ဟန်းဆက်မျိုးစုံ (၂၆)လုံး၊ Hp လက်တော့(၂)လုံး၊ (၁၀၀၀၀)တန်ငွေဖြည့် ကတ်(၁၈)ကတ်၊ (၅၀၀၀)တန်ငွေဖြည့်ကတ်(၃၃)ကတ်၊ ငွေကျပ်(၇၇၂၅၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ်( ၁၁၅၈၇၅၀၀) မှာ ခိုးယူခံရ၍ စုံစမ်းအရေးယူပေးရန် ဆိုင်မန်နေဂျာ ဒေါ်နန်းရွှေစင်သိန်းမှ တိုင်တန်းမှုအား ဗဟန်း မြို့မရဲစခန်း(ပ)၁၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၇.၅.၂၀၁၄ ရက်နေ့ တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန့်ဇင်(ခ)ဝေယံ (၂၄)နှစ်၊ (ဘ)ဦးမင်းလွင်၊ စံပြစီမံကိန်း ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူနှင့် ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင် (၃၁)နှစ်၊ (ဘ)ဦးချိုချို၊ (၁)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူတို့ (၂)ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။ ၎င်းတို့(၂)ဦးအား အခြားခိုးမှုများကျူလွန်ထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ဆဲလ်ဗင်း(ခ) ချမ်းမြေ့အောင်သည် ကုလားကြီး(ခ)ဇော်ထူး(စုံစမ်းဆဲ)နှင့်အတူ ၁၀.၄.၂၀၁၄ရက်နေ့ ၂၃၀၀အချိန် ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ DO CO MO ဖုန်းအရောင်းဆိုင် အတွင်းဝင်ရောက်၍ ဟန်းဆက်မျိုးစုံ၊ ဆင်းကတ်နှင့်ငွေဖြည့်ကတ်များ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၀၃၄၆၅၀၀) အားခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့်မြောက်ဥက္ကလာပ မြို့မရဲစခန်း (ပ)၂၇၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်စုံစမ်း လျက်ရှိသော အမှုအားဖော်ထုတ်နိုင်ခဲ့ပါသည်။ ထို့ပြင် ဆဲလ်ဗင်း(ခ) ချမ်းမြေ့အောင်သည် သီဟ (၂၁)နှစ်၊ (ဘ)ဦးကျော်ဆန်းနှင့် ရွှေအ(ခ)သိန်းထိုက်(၁၉)နှစ်၊(ဘ)ဦးကျော်ဆန်း၊ (ဇ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ ညီအစ်ကို (၂)ဦးနှင့်အတူ ဖုန်းအရောင်းဆိုင်များမှ ခိုးမှုများကျူးလွန်ထားကြောင်း ပေါ်ပေါက်သဖြင့် သီဟနှင့် ရွှေအ(ခ)သိန်းထိုက် တို့အား ၁၈.၅.၂၀၁၄ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။ ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင်၊ သီဟနှင့် ရွှေအ(ခ)သိန်းထိုက်တို့အား စစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၆.၄.၂၀၁၄ ရက်နေ့ ၀၂၃၀အချိန်ခန့်တွင် လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၅၇၀၄၀၀၀)ခန့်ရှိဟန်းဆက်များအား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်လမ်းမတော်မြို့မရဲစခန်း(ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအားဖော်ထုတ်နိုင်ခဲ့ ပါသည်။ ထို့ပြင်၂၀၁၄ခုနှစ်၊ ဖေဖော်လရီလတွင် ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင်နှင့် သီဟတို့(၂)ဦးသည် တောင်ဥက္ကလာပမြို့နယ်ရှိ UNITEL ဖုန်းအရောင်း ဆိုင်အတွင်းမှ ကွန်ပျူတာလက်တော့(၁)လုံးနှင့် ဖုန်းနှင့်ဆက်စပ်ပစ္စည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၆၈၈၀၀၀)အား ခိုးယူခဲ့ကြောင်းပေါ်ပေါက် သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၂၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊ ဧပြီလအတွင်းကကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ စုစုပေါင်းတန်ဘိုး ငွေကျပ် (၃၉၀၀၀၀)ခန့်ရှိ ဟန်းဆက်များခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မ ရဲစခန်း(ပ)၂၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း အမှုများအသီးသီး ရေးဖွင့်ကာထပ်မံ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်