‘အတု’ ယူဖို့အတွက် ကောင်းတဲ့... ‘အစစ်’ တွေရှိဖို့ လိုတယ်

ပို့စ်တင်ချိန် - 5/26/2014 05:03:00 AM

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)တို့အား အခမ်းအနားတစ်ခုတွင် တွေ့ရှိရစဉ်

(ဆောင်းပါးရှင် - ဘစံကောက်)

“လူပုဂ္ဂိုလ်တစ်ယောက်ဟာ ဂုဏ်သိက္ခာရှိပြီး တကယ်လေးစားလောက်တဲ့ လူကြီးလူကောင်းတစ်ယောက် ဟုတ်၊ မဟုတ် အကဲဖြတ်ချင်ရင် အဲဒီပုဂ္ဂိုလ်က သူ့လောက်ကံမကောင်းတဲ့ လူများကို ဘယ်ပုံဆက်ဆံသလဲဆိုတဲ့ အချက်နဲ့ အကဲဖြတ်ရ ပါလိမ့်မယ်”

အထက်ပါစကား ဆိုခဲ့သူကား အမေရိကန်ပြည်ထောင်စုရှိ ငွေဝယ်ကျွန် လူမည်းနီဂရိုးများကို လူ့အောက်ကျ၊ လူ့နောက်ကျဘ၀မှ လူချင်းတူတူ သူချင်းမျှမျှ ရုန်းထရှင်သန်နိုင်အောင် ကြိုးပမ်းခဲ့သော လူမည်းတို့၏ စိတ်ဝိညာဉ်၌ တွယ်ကပ်နေသည့် အ၀ိဇ္ဇာအမှောင်ကို ဖယ်ခွာ၍ ပညာဝီရိယတို့ဖြင့် ဘ၀တိုးတက်လမ်း ရှာနိုင်အောင် ဦးစွာပထမ ဦးဆောင်လမ်းပြခဲ့သူ “ဘွတ်ကာတီ ၀ါရှင်တန်” ၏ အဆိုအမိန့် ဖြစ်ပါသည်။

“ဘွတ်ကာ” ကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် စိုက်ခင်းတစ်ခင်းရှိ တဲအိမ်ကလေးတစ်ခု၌ ၁၈၅၆ ခု ဧပြီ ၅ ရက်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက အစာရေစာ ၀၀လင်လင်မစားရ။ အ၀တ်အစားဟူ၍လည်း အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်သာ သူ့မှာရှိသည်။ ပညာဟူ၍လည်း သူ့အနီးဝန်းကျင်ရှိ လူမည်းများထဲတွင် စာရေးတတ်၊ ဖတ်တတ်သူပင် မရှိချေ။

ပြည်တွင်းစစ်ကြီးပြီးတော့ သူက ကိုးနှစ်သားအရွယ်သာ ရှိသေးသည်။ ငွေဝယ်ကျွန်ဘ၀မှ သူတို့လူမျိုးတွေ လွတ်လပ်ခဲ့သည် မှန်သော်လည်း ကျွန်ဘ၀တွင် အနေကြာခဲ့၍ ခိုင်းသမျှလုပ်၊ ကျွေးတာစားပြီး ရှင်သန်ခဲ့ရသော နီဂရိုးတို့အတွက် လွတ်လပ်သူများဘ၀တွင် စားဝတ်နေရေးအတွက် မိမိဘာသာ ရှာကြံရပ်တည်နိုင်ဖို့ ခက်ခဲကြရသည်။ ထို့ကြောင့် သူတို့ဘ၀ ရပ်တည်ရှင်သန်နိုင်ရေးအတွက် သင့်တော်မည်ထင်သော အရပ်ဒေသများသို့ ပြောင်းရွှေ့ကြသည်။ “ဘွတ်ကာ” လည်း မိခင်နှင့်အတူ အနောက်ဗာဂျီးနီးယား ပြည်နယ်ထဲသို့ ပြောင်းရွှေ့ခဲ့ကြ၏။ အနောက်ဗာဂျီးနီးယားတွင် “ဘွတ်ကာ” သည် ကျောက်မီးသွေးတွင်းများ၌ အလုပ်လုပ်၏။ သစ်ခုတ်၏။ လယ်လုပ်၏။ ညဘက်တွင် ကျောင်းတက်သည်။ သူတက်သောကျောင်းမှာ နီဂရိုးများအတွက် သီးသန့်ဖွင့်ထားသော မူလတန်းကျောင်းသာ ဖြစ်သည်။ ထိုကျောင်းကလေးမှ သင်ပေးသမျှပညာကို သင်ယူပြီးနောက် အသက် ၁၇ နှစ်အရွယ်တွင် ဗာဂျီးနီးယားပြည်နယ် “ဟင်ပတန်မြို့ရှိ နီဂရိုးများအတွက် ဖွင့်လှစ်ထားသော အဆင့်မြင့်ကျောင်းတွင် ဆက်လက်၍ ပညာသင်ရန် ထွက်လာခဲ့သည်။ မိုင်ငါးရာကျော်ဝေးသော ထိုအဆင့်မြင့်ကျောင်းသို့ ပညာသင်ရန် ထွက်လာချိန်တွင် သူ့အိပ်ထဲ၌ ငွေအနည်းငယ်သာ ပါခဲ့သည်။

“ဟင်ပတန်” ကျောင်းသို့ရောက်၍ ကျောင်းဝင်ခွင့်ပြုရန် မေတ္တာရပ်ခံသောအခါ စမ်းသပ်သည့် အနေဖြင့် အခန်းတစ်ခန်းကို တံမြက်စည်းလှည်းခိုင်း၏။ သူက အခန်းကို သုံးကြိမ်တံမြက်လှည်းပြီး လေးကြိမ်ဖုံသုတ်ပေးခဲ့သည်။ သူ့စိတ်ဓာတ်နှင့် ၀ီရိယကို သဘောကျသောကြောင့် သူ့ကိုကျောင်းသားအဖြစ် လက်ခံလိုက်ကြသည်။

ကျောင်းတက်ခွင့်ရသော်လည်း ကျောင်းစရိတ်နှင့် နေထိုင်စားသောက်ရေးအတွက် ရရာအလုပ်ကိုလုပ်ရင်း ကိုယ့်ဝမ်းကိုယ်ကျောင်း၍ ပညာသင်ခဲ့ရ၏။ “ဟင်ပတန် သိပ္ပံ” မှ ဘွဲ့ရသောအခါ ထိုကျောင်းမှာပင် ကျောင်းဆရာအဖြစ် အလုပ်ပြန်ဝင်၏။ ထိုအချိန်တွင် အမေရိကန် တောင်ဘက်စွန်းရှိ “အယ်လ်ဘားမား” ပြည်နယ်တွင် လူမည်းများအတွက် သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် အစိုးရထံမှ ဒေါ်လာ ၂၀၀၀ အထောက်အပံ့ ရခဲ့သည်။ ထိုကျောင်းအတွက် လိုအပ်လျက်ရှိသည့် ကျောင်းအုပ်ရာထူးကို “ဘွတ်ကာ” လက်ခံရရှိခဲ့ပြီး အယ်လ်ဘားမားပြည်နယ် “တပ်စ်ကီဂီး” သို့ ထွက်ခွာလာခဲ့၏။ သူရောက်တော့ ထိုနေရာတွင် ကျောင်းပင်မဆောက်ရသေးချေ။ ဘွတ်ကာက စိတ်မပျက်၊ အားမလျှော့ ဘုရားရှိခိုးကျောင်း တစ်ကျောင်းတွင် ယာယီကျောင်းဖွင့်ပြီး စာသင်မည့် နီဂရိုးကျောင်းသားများကို သူကပင် လိုက်လံစည်းရုံး ခေါ်ယူခဲ့ရသည်။

အယ်လ်ဘားမားပြည်နယ် ကျေးလက်ဒေသများတွင် နေထိုင်ကြသော လူမည်းနီဂရိုးတို့၏ ဘ၀အခြေအနေကား စိတ်ပျက်လက်လျှော့၍ ထွက်ပြေးချင်စရာ ကောင်းလောက်အောင်ပင် နိမ့်ကျလှ၏။ ဆင်းရဲ၊ စုတ်ပြတ်၊ အာဟာရချို့တဲ့၍ ရောဂါဘယလည်း ထူပြောလှသည်။ ဤလူတွေကိုကြည့်၍ စာသင်ရုံသက်သက်ဖြင့် သူတို့ဘ၀ကို မြှင့်တင်နိုင်မည် မဟုတ်ကြောင်း “ဘွတ်ကာ” သဘောပေါက်လာသည်။ သူတို့တွေအတွက် လုပ်ငန်းနှင့် အတတ်ပညာများ သင်ကြားပေးခြင်းသည်သာ အမှန်တကယ် အကျိုးရှိနိုင်ကြောင်း သိမြင်ပြီးနောက် တက်စ်ကီဂီး ဆရာအတတ်သင်နှင့် စက်မှုလက်မှု သိပ္ပံကျောင်းကို ဖွင့်လှစ်၍ နီဂရိုးလူငယ်များကို အခြေခံ အရေးဖတ်နှင့်အတူ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နိုင်မယ့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် စီစဉ်ဆောင်ရွက်၏။

ကျောင်းဖွင့်စ ပထမငါးနှစ်အတွင်းမှာ လူမည်းယောက်ျား ကလေးများအတွက် ပန်းရန်၊ ပန်းပဲ၊ လက်သမားအတတ်နှင့် စိုက်ပျိုးရေး ပညာများကို သင်ပေးပြီး မိန်းကလေးများအတွက်မူ အချက်၊ အပြုတ်၊ အချုပ်အလုပ် ပညာနှင့်အတူ အိမ်တွင်းမှုပညာများကို “ဘွတ်ကာ” က အထူးဦးစားပေး သင်ကြားပေးခဲ့သည်။ “ဘွတ်ကာ” က စည်းကမ်းကိုတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သည်။ “ပညာသင်ခြင်း၏ ရည်ရွယ်ချက်မှာ စာတတ်ရန်အတွက် သက်သက်သာမဟုတ်။ စိတ်ဓာတ်နှင့် စာရိတ္တကောင်းမွန်သော လူတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ရေး” လည်း ပါဝင်သည်ဟု သူကယုံကြည်သည်။

ထို့အပြင် ကျွန်ဘ၀မှ လွတ်မြောက်ခါစ သူတို့ လူမည်းတွေအပေါ်၌ အမြင်မကြည်လင်သော လူဖြူများကို သူတို့အပေါ်၌ နားလည်ပြီး ကူညီချင်လာအောင် ဆောင်ရွက်ရန်လည်း သူမမေ့ခဲ့။ တစ်နေ့ “တပ်စ်ကီဂီး” ရှိ ကြေးရတက် လူဖြူအမျိုးသမီး “မစ္စစ်ဗာနာ” ၏ အိမ်ရှေ့မှ သူဖြတ်လျှောက်ခဲ့သည်။ “မစ္စစ်ဗာနာ” က သူ့ကို သာမန်နီဂရိုး တစ်ယောက်ပဲဟုထင်ကာ လှမ်းခေါ်ပြီး ထင်းခွဲခိုင်းခဲ့သည်။ “ဘွတ်ကာ” က အင်္ကျီကိုချွတ် ပုဆိန်ကိုစွဲကာ ထင်တစ်ပုံလုံးကို ကုန်အောင်ခွဲပြီး မီးဖိုချောင်ထဲသို့ ထည့်ပေးခဲ့၏။ နောက်မှ “မစ္စစ်ဗာနာ” သည် သူထင်းခွဲခိုင်းခဲ့ဖူးသူမှာ ပါမောက္ခ “ဘွတ်ကာတီဝါရှင်တန်” မှန်းသိကာ တောင်းပန်၏။ “ဘွတ်ကာ” က ဤကိစ္စကို ဘာမျှအရေးကြီးသည်ဟု သဘောမထား။

“ဒီကိစ္စအတွက် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ခင်ဗျာ။ ကျွန်တော်က အလုပ်လုပ်ရတာကို ပျော်တတ်တဲ့သူပါ။ ပြီးတော့ မိတ်ဆွေတွေအတွက် ဆောင်ရွက်ပေးရတာမျိုးကို နှစ်သက်တတ်သူပါ” ဟု မစ္စစ်ဗာနာကို ပြန်ပြီးနှစ်သိမ့်ခဲ့ပေသည်။

၁၈၉၅ ခုနှစ်တွင် ဂျော်ဂျီယာမြို့တော် “အတ္တလန္တာ” ၌ ၀ါဂွမ်းစိုက် ပြည်နယ်များ၏ ကုန်စည်ပြပွဲတစ်ရပ် ကျင်းပရာ “ဘွတ်ကာ” ကို တက်ရောက်မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြားခြင်းခံရ၏။ မိန့်ခွန်းပြောကြားအပြီးတွင် ပြည်နယ်ဘုရင်ခံ “ဘူးလော့ခ်” က လေးစားချီးကျူးစွာ သူ့လက်ကို ဆုပ်ကိုင်၏။ သူ့မိန့်ခွန်းကို စာနယ်ဇင်းပေါင်းများစွာက ပုံနှိပ်ဖော်ပြကြ၏။ သမ္မတ “ကလိဖ်လင်း” ကိုယ်တိုင် သူ့ထံ ဂုဏ်ပြုလွှာပေးပို့၏။ ဤမှ စကာနိုင်ငံတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့၏။ နောက်ပိုင်းတွင် အမေရိကန်တောင်ပိုင်း နယ်မြေဒေသများစွာတွင် လူဖြူ၊လူမည်းများ အတူတကွ တက်ရောက်ကြသည့် လူထုစည်းဝေးပွဲပေါင်း များစွာကို သူကိုယ်တိုင် ဦးဆောင်ကျင်းပနိုင်ခဲ့လေသည်။

နီဂရိုးတို့ဘ၀နှင့် မြှင့်တင်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းများတွင် ငွေကြေးရင်းနှီး မြှုပ်နှံကြရန် လူဖြူသူဌေးများစွာတို့ထံ သွားရောက်တိုက်တွန်း၍ အလှူခံပြီး ရန်ပုံငွေရှာဖွေခဲ့ရ၏။ ထို့အတူပင် ကျောင်းသို့ လာရောက်၍ ပညာသင်ကြားရန် မတတ်နိုင်သည့် လူမည်းကျောင်းသားများအတွက် “နယ်လှည့်စာသင်ကျောင်း” ကိုလည်း တီထွင်သင်ကြား ပေးနိုင်ခဲ့ပြန်သည်။ ဒီမျှနှင့် သူမကျေနပ်နိုင်သေး။ နိုင်ငံအ၀န်း ကျေးလက်များရှိ နီဂရိုးများကို ပညာရေးဘ၀ မြှင့်တင်ပေးရန် ဆက်လက်ကြိုးပမ်း၏။ သူ၏ ထက်သန်သောစိတ်ဓာတ်နှင့် မနေမနား ကြိုးစားသော ၀ီရိယ အထူးသဖြင့် သူ့လူမျိုးတို့အပေါ်၌ ထားရှိသည့် စေတနာကို သမ္မတ “ရုစဗဲ့” က အလွန်လေးစားသဖြင့် နောင်အခါ သူတို့နှစ်ဦး ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ပင် ရောက်သွားကြ၏။ သူသည် သူ၏အမျိုးအနွယ်ကို စောင့်ရှောက်ထောက်ပံ့သော ကောင်းမြတ်သည့် လုပ်ဆောင်ချက်ကြောင့် “ဟားဗတ်တက္ကသိုလ်” က ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ချီးမြှင့်ခဲ့ရာ “ဘွတ်ကာ” သည် “ဟားဗတ်တက္ကသိုလ်” မှ ပထမဆုံး ချီးမြှင့်ခံရသည့် ဘွဲ့ရနီဂရိုးတစ်ဦး ဖြစ်ခဲ့ရ၏။

၁၉၁၅ ခုနှစ် နိုဝင်ဘာတွင် အပြင်းအထန် နာမကျန်းဖြစ်ပြီး သူကွယ်လွန်သွားသောအခါ သူ့လူမျိုး၊ နီဂရိုးတို့သည် မိမိခြေထောက်ပေါ် မိမိရပ်တည်ပြီး ပညာမျက်စိပွင့်ကာ ရှေ့တက်လမ်းကို ရှာဖွေနိုင်သည့် လူမျိုးတစ်မျိုးအဖြစ် ကောင်းစွာကျန်ရှိ နေခဲ့ပေတော့သည်။

ကျွန်တော်ဆိုလိုချင်သည်က လူမျိုးတစ်မျိုး၏ နိမ့်ကျပျက်စီးနေသော လူမျိုးဘ၀ကို ကယ်တင်ရန် ထိုလူမျိုးထဲမှ စံပြလူတော်များမှလွဲ၍ အခြားဘယ်လူမျိုးတွေကမှ မတတ်နိုင်ဟူသော အချက်ပင်။ ကျွန်တော်တို့တိုင်းပြည် သူ့ကျွန်ဘ၀မှာ အနေကြာပြီး ကျွန်ဆိပ်မိနေသော လူမျိုးဘ၀မှ သခင်စိတ်မွေးပြီး လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုး ဖြစ်လာစေရန် “ဗိုလ်ချုပ်အောင်ဆန်း” တည်းဟူသော စံပြလူတော်တစ်ယောက် ပေါ်ပေါက်လာ၏။ ထိုစံပြပုဂ္ဂိုလ် “အစစ်” ၏ စိတ်ဓာတ်ကို “အတု” ယူပြီး ကြိုးပမ်းခဲ့ကြသော မျိုးချစ်လူငယ်များကြောင့် ကမ္ဘာ့မြေပုံပေါ်တွင် မြန်မာနိုင်ငံတည်းဟူသော လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းခဲ့ရ၏။

ယနေ့တော့မူ ထိုကဲ့သို့ စံပြအတူယူရမည့် လူတော်အစစ်များ ရှားပါးလာပြီး တိုင်းပြည်အခြေအနေက အဘက်ဘက်မှ နိမ့်ကျပျက်စီးလာ၏။ အိမ်နီးချင်းနိုင်ငံအချို့မှာ မြန်မာဒုက္ခသည်၊ မြန်မာအလုပ်သမား၊ မြန်မာအိမ်ဖော်များ ရောက်ရှိနေကြသည်ကို စိတ်မချမ်းသာစွာ မြင်တွေ့ကြားသိရ၏။ ဤဖြစ်ရပ်ကို အရင်းစစ်လိုက်လျှင် “စံပြလူညံ့” များကို “အစစ်” ဟုထင်ပြီး “အတု” ယူခဲ့ကြရသော နှောင်းလူတို့၏ အတုယူ လွဲမှားမှုများကြောင့်ဟုသာ အပြစ်ပုံချရတော့မည် ထင်သည်။

ဘာပဲပြောပြော၊ လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်လောက်က ပေါ်ထွန်းခဲ့သည့် “စံပြလူတော်” များကို ဒီနေ့လူငယ်များ အတုယူနိုင်ခဲ့လျှင်တော့ အကောင်းဆုံးပင်။ ခုလည်း နောက်မကျသေးပါ။ လူငယ်တွေ မိမိပတ်ဝန်းကျင်၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ရှိ စာပေများမှ “ဘွတ်ကာတီဝါရှင်တန်” ကဲ့သို့သော လူတော်များအကြောင်းကို ဖတ်မိသိရှိ၍ အတုယူနိုင်ခဲ့ကြမည်ဆိုလျှင် ဒီကနေ့သည်လည်း အကောင်းဆုံးပင် ဖြစ်လိမ့်မည်ဟူ၍သာ။

Eleven Media Group