ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းပုံစံကွဲ ရိုက်ကူး

ပို့စ်တင်ချိန် - 5/26/2014 05:02:00 AM


ချစ်လှစွာသောအမုန်း အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းမှ မေ၂၄ရက်တွင် စတင် ရိုက်ကူးလျက် ရှိသည်။

“ ဒီကားကို ရိုက်ချင်ရခြင်း အကြောင်းအရင်းက အရင်ရိုက်နေကျ ပုံစံတွေက negative ပုံစံတွေကြီးပဲ ဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ယူဆတယ်။ ဒီကားကို ပထမရိုက်ဖို့ တွေဝေနေတာက ပထမ ဇာတ်အေးမလားပေါ့။ သေချာ ပြန်စဉ်းစားကြည့်တော့ ဇာတ်ကအေးတော့ အေးတယ်။ ဒါပေမယ့် ပရိသတ်ကို Positive thinking ပေးနိုင်တယ်။ အဲဒါကြောင့် ဒီကားရိုက်ဖြစ်တာပါ” ဟုဒါရိုက်တာဝိုင်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် အောင်ရဲလင်း ၊ သက်မွန်မြင့် ၊ ဝတ်မှုန်ရွှေရည် ၊ ဦးဇင်ဝိုင်း ၊ ဒေါ်နွဲ့နွဲ့စန်း တို့ပါဝင် သရုပ်ဆောင် ထားကြသည်။ ဒါရိုက်တာဝိုင်းသည် ရိုက်နေကြ ပုံစံများမှ ခွဲထွက်ပြီး ရိုက်ကူးရန် ရွေးချယ် ထားသည့် ဇာတ်ကား တစ်ကားလည်း ဖြစ်သည် ။

ယင်းဇာတ်ကားတွင် အောင်ရဲလင်းသည် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထည့်သွင်း ရိုက်ကူးခြင်းသည် ဈေးကွက်အနေအထားအရနှင့် သရုပ်ဆောင် မင်းသားမင်းသမီးအတွဲ ဆန်းချင်သောကြောင့် ဒါရိုက်တာဝိုင်းမှ ထည့်သွင်း ရိုက်ကူးဖြစ်ခြင်း ဖြစ်သည်။ ယင်းအပြင် ရန်ကုန်မြို့တွင်းရှိ နေရာများတွင် ရိုက်ကူးမည် ဖြစ်သည်။

ဇာတ်ကားတွင် သက်မွန်မြင့်သည် ဦးဇင်ဝိုင်း၏ သမီး မိုးစက်မေ နေရာမှ ပါဝင်သရုပ်ဆောင်ထားသလို ဝတ်မှုန်ရွှေရည်သည် ဦးဇင်ဝိုင်း လက်ထပ်ထားသည့် မိန်းမ တစ်ယောက် နုံအသည့် အမုန်းဆိုသည့် ကောင်မလေး နေရာမှ ပါဝင်သရုပ်ဆောင်ထားသည် ။

မိုးစက်မေ၏ ဖခင်သည် တစ်နေ့တွင် သမီး အသက်ထက် ငယ်သော အမုန်းဆိုသည့် ကောင်မလေးကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ မိမိထက် အသက်ငယ်သည့် ကောင်မလေးတစ်ယောက်ကို မိထွေးအဖြစ် ဖခင်က ခေါ်လာခြင်းကြောင့် မိုးစက်မေနှင့် အဒေါ်ဖြစ်သူ တို့အံ့အားသင့်ခဲ့ရပြီး ဖခင်ကို စိတ်ဆိုးဒေါသ ဖြစ်ရသလို ဖခင်၏ စကားကို မလွန်ဆန်နိုင်ခြင်းကြောင့် အမုန်းကို မနှစ်မြို့ပေမယ့် အိမ်ဖော်လို မဆက်ဆံသလို မိထွေး တစ်ယောက်လိုလည်း သဘောမထားခဲ့ပေ။ မိုးစက်မေတွင် ငယ်ငယ်ကတည်းက သွားအတူစားအတူ ဆိုးကောင်းတိုင်ပင်ရသည့် ဂါမဏိ ဆိုသည့် သူငယ်ချင်း ကောင်လေး ရှိသည်။

မိုးစက်မေမှ မိခင်ဆုံးပါး သွားကတည်းက ဂါမဏိသည် ၎င်းအတွက် အားကိုးရာ တစ်ခု ဖြစ်ခဲ့ပြီး ချစ်နေရသူလည်း ဖြစ်သည်။ ဖခင်သည် အမုန်းအပြင် တခြား ကောင်မလေးများဖြင့် ရှုပ်နေတာကို အမုန်း တစ်ယောက် သိပေမယ့် မပြောရဲရှာပေ။ နောက်ပိုင်းတွင် အမုန်း၏ နုံအမှု ရိုးသားမှုတို့ကြောင့် မိုးစက်မေ တစ်ယောက် အမုန်းပေါ် သနားစိတ်ဝင်လာခဲ့သည်။ မိဘနှင့်သားသမီးကြား ရှိသည့် ချစ်ခြင်းမေတ္တာ လူတစ်ဦးနှင့်တစ်ဦး ရှိသင့်သည့် မေတ္တာ ၊ စာနာသနားမှု တို့ ပါဝင်သည့် ဇာတ်ကား တစ်ကားဖြစ်သည်။

ချစ်လှစွာသောအမုန်းဇာတ်ကား သည် စာရေးဆရာမ ပုညခင်၏ ဝတ္တု ဖြစ်ပြီး ဇာတ်လမ်း နှင့် ဒါရိုက်တာ သည်ဝိုင်း ဖြစ်ကာ ယင်းဇာတ်ကားကို၂ဝ၁၆ခုနှစ်တွင် ရုံတင်ရန် မျှော်လင့်ထားသည်ဟု ဒါရိုက်တာဝိုင်းကပြောသည်။

Mizzima Burmese