ပုသိမ်တွင် ကြွက်များ အစုလိုက် သေသောကြောင့် ကျောင်းအပ် လက်ခံမည့်ရက် နောက်ဆုတ်

ပို့စ်တင်ချိန် - 5/26/2014 11:32:00 AM




ပုသိမ်၊ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ နေအိမ်များတွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုကြောင့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ကျောင်းအပ် လက်ခံမည်ရက်ကို နောက်ဆုတ်ပေးခဲ့ကြောင်း ယင်းကျေးရွာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးဗိုဟိန်းက ပြောကြားသည်။

၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် ပညာသင်ကြားရမည့် အခြေခံပညာ ကျောင်းသား ကျောင်းသူများကို မေလ ၂၅ ရက်နေ့တွင် စတင် လက်ခံရမည် ဖြစ်သော်လည်း မေလ ၂၂ ရက်နေ့က ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းကြောင့် မေလ၂၇ ရက်မှသာ ကျောင်းအပ် လက်ခံနိုင်မည်ဟု ၎င်းက ပြောဆိုသည်။

“ကြွက်တွေက အဆောက်အအုံထဲမှာ သေတာ မဟုတ်ပေမယ့် ကျောင်းသား ကျောင်းသူတွေ စုဝေးတဲ့နေရာ ဖြစ်တဲ့အတွက် ကြွက်နဲ့ ပတ်သက်တဲ့ ရောဂါမဖြစ်အောင် ကာကွယ်ပေးဖို့ မြို့နယ်ပညာရေးမှူးကနေတစ်ဆင့် ကျန်းမာရေးဦးစီးဌာနနဲ့ အုပ်ချုပ်ရေးမှူး ရုံတွေကို တင်ပြထားတယ်” ဟု ကျောင်းအုပ်ဆရာကြီးက ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ နေအိမ်များတွင် မေလ ၂၂ ရက်နေ့က အစုလိုက်အပြုံလိုက် သေဆုံးခဲ့သော ကြွက်သေ (၄၀၀) ခန့်ကို တွေ့ရှိရသောကြောင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိအချိန်၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ရှောပြာကျေးရွာ ရဲကင်းမှူး၊ အုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ရပ်မိရပ်ဖများ စုပေါင်း၍ စစ်ဆေးခဲ့ရာ အိမ်ခြေ ၂၀ အနက် ကြွက်သေ ၁၀၀ ကျော် တွေ့ရှိခဲ့ကြောင်း၊ ယင်းသို့ တွေ့ရှိခဲ့သည့် နေရာများကို ရောဂါကူးဆက်မှု မဖြစ်စေရေးအတွက် ဆေးဖြန်း၍ ကာကွယ်ဆေးများ ဖြန့်ဝေပေးခဲ့သည်ဟု ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကြွက်တွေ ဘာဖြစ်လို့ သေတာဆိုတာ သိရအောင် စစ်ဆေးနိုင်ဖို့ ရန်ကုန်မှာ ရှိတဲ့ အမျိုးသားဓာတ်ခွဲဌာနကို နမူနာ ပို့ထားတယ်။ ကျန်တဲ့ ကြွက်သေတွေကို မြေမြုပ် မီးရှို့ခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် တလုပ်ကြီး ကျေးရွာတွင်လည်း မေလ ၂၃ ရက်နေ့က ကြွက်အကောင် ၃၀၀ ခန့် သေဆုံးခဲ့ခြင်းကြောင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းဝင်း၊ မြို့နယ် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကြီးကြပ်ရေးမှူး ဦးသူရရွှေနှင့် ကျန်းမာရေး ဝန်ထမ်းများ စစ်ဆေးခဲ့သည်ဟု ယင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန အရာထမ်းတစ်ဦးက ပြောကြားသည်။

အစုလိုက်အပြုံလိုက် သေဆုံးလျက် ရှိသည့် ကြွက်များမှာ ကြွက်ဖလောင်း (ဒေသအခေါ်) များသာ ဖြစ်ပြီး လူနေအိမ်များတွင် တွေ့ရသည့် ကြွက်များနှင့် လယ်ကြွက်များ ပါဝင်ခြင်း မရှိကြောင်း မျက်မြင်ကြုံတွေ့ရသည့် ကျောက်တိုင်ကျေးရွာသား တစ်ဦးက ပြောဆိုသည်။

The Voice Weekly