အမတ်များ လွှတ်တော်အစည်းအဝေးတက်ရန် နေပြည်တော် အမြန်လမ်းမှ မသွားရဲဟုဆို

ပို့စ်တင်ချိန် - 5/26/2014 01:42:00 PM



ကျော်စွာဝင်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်

ယာဉ်မတော်တဆမှုများ မြင့်မားနေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြု၍လွှတ်တော်အစည်းအဝေးသွားတက်ရန် စိုးရိမ်ပူပန်မှုရှိနေသည်ဟု လွှတ်တော်အမတ်အချို့က မဇ္ဈိမကို ပြောသည်။

“စိုးရိမ်မှုတင်မဟုတ်ဘူး။ စိတ်ထဲမှာ ချောက်ချားမှုတောင်ဖြစ်နေလို့ အမြန်လမ်းကို သွားချင်စိတ်ကို မရှိဘူး ဖြစ်နေတယ်” ဟု အလုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောသည်။ ယခုလွှတ်တော် အစည်းအဝေးတွင်လည်း အမြန်လမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု ၎င်းက ဆိုသည်။

မေလ ၂၈ရက်တွင် ဒသမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုနေပြည်တော်တွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။

စတင်ဖွင့်လှစ်ခဲ့သည် ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှ စတင်ကာ ငါးနှစ်ကျော်ကာလအတွင်းယာဉ်မတော် တဆမှုများကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့သည်။

“ဘုရားစာရွတ်ပြီးတော့သွားရမှာပဲ။နည်းနည်းတော့ စိုးရိမ်မှုတွေရှိပါတယ်။ လမ်းနဲ့ချည်းပဲ ဆိုင်တယ်မထင် ပါဘူး။ မောင်းတဲ့သူနဲ့ ရာခိုင်နှုန်းတော်တော်များများဆိုင်တဲ့သဘောရှိတယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

အမြန်လမ်း ယာဉ်မတော်တဆမှုကြောင့် လူအများဆုံးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်သည့် မေ ၁၂ ရက် ရာဇာမင်း အဝေးပြေးယာဉ် မတော်တဆမှုအပြီး အမတ်တို့ ပိုမိုစိုးရိမ်နေခြင်းဖြစ်သည်အဆိုပါမတော်တဆမှုကြောင့် ခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး ၂၄ဦး ဒဏ်ရာ ရရှိခဲ့သည်။ ကျပ်သန်းပေါင်း ကိုးသိန်းကျော် ကုန်ကျခဲ့သည့် လမ်းမကြီးသည် အင်္ဂါရပ်နှင့် မပြည့်စုံသေးဟု တာဝန်ရှိသူတို့ ၀န်ခံထားကြသည်။


Mizzima Burmese