လူ့ဦးနှောက်၊ သူက စူပါ (Super) ပါ

ပို့စ်တင်ချိန် - 5/26/2014 04:57:00 AM



၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က Window 8.1 အသုံးပြုထားသည့် မော်ဒယ်သစ်များကို တိုကျိုမြို့၌ မိတ်ဆက်ပြသစဉ် (Photo:AFP)
(၁)
ကွန်ပျူတာဦးနှောက်တဲ့။

“ကျွန်တော့်သားလေးဟာ ကွန်ပျူတာဦးနှောက်ပိုင်တယ်”

ကျွန်တော့်အိမ်နီးနားချင်းက ဂုဏ်ယူဝင့်ကြွားကာ လာပြောတော့ အံ့ဩသွားတယ်။

“ဘယ်လိုမျိုးလဲ”

“သူက အပေါင်းအနုတ် အမြှောက်အစား စတဲ့အတွက်အချက်တွေကို တော်တော်မြန်မြန်တွက်လို့ တတ်တယ်။ ပြီးတော့ စာတွေကို အလွတ်ရတယ်။ အင်္ဂလိပ်စာစီစာကုံးကို မေးမလား Myself, My Father, My Mother, My Home Town အားလုံးအလွတ်ရတယ်။ မြန်မာစာ စာစီစာကုံး မေးမလား၊ မြန်မာ့ရိုးရာပွဲတော်၊ လသာသော ညတစ်ည၊ အားလုံးအလွတ်ရတယ်”

“တကယ်တော်တာပဲ”

“သူက ကြိုးစားတယ်ဆရာ၊ ကျူရှင်ကပြန်လာရင် တန်းပြီးအလွတ်ကျက်တော့တာပဲ။  ရလည်းရတယ်။ အတန်းထဲ ပထမချည်းရတယ်။ ကျွန်တော့်သားလေးဟာ ကွန်ပျူတာဦးနှောက်ပိုင်တယ်”

မကြာမီ အောင်စာရင်းထွက်သည့်အခါ ကွန်ပျူတာဦးနှောက်ပိုင်ရှင်တွေ များစွာပေါ်ထွန်းလာဦးမှာပဲ။ သူတို့တစ်တွေ နိုင်ငံကို အကျိုးပြုသူများ ဖြစ်လာမှာလား။ သံသယဖြစ်မိပါတယ်။

(၂)
ကွန်ပျူတာ။

သူပေါ်ထွန်းလာတာ မကြာသေးပါဘူး။ ၁ဝ စုနှစ် ငါးစုလောက်ပဲ ရှိသေးတယ်။ တကယ်တမ်း လူတွေအကြား ရောက်လာတာကတော့ ၁ဝ စုနှစ် နှစ်စုလောက်ပဲ ရှိသေးတယ်။

သူ့အမည်က အများကြီးပဲ။ အကြီးကြီးတွေတုန်းက (IBM-Main Frame)၊ နောက် (Apple-Mac)၊ နောက် (PC)နောက် (i-mac), iPad . . . စတဲ့ နာမည်တွေနဲ့ပေါ့။ အမျိုးအစားတွေလည်း အများကြီးရှိတယ်။ အသွင်ပုံသဏ္ဌာန်လည်း ကွဲပြားတယ်။

ကွန်ပျူတာဆိုတာ ဘာလဲ။ သူဟာ အီလက်ထရွန်နစ်ပစ္စည်း (electronic device) ပေါ့။ သူ့ကို အမိန့်ပေးစေခိုင်းနိုင်တယ်။ ဆိုလိုတာက ဂဏန်းတွေ တွက်လို့ရတယ်။ (Data) တွေ သိုမှီးလို့ရတယ်။ တစ်နေရာက (Data) ကို နောက်တစ်နေရာက (Data) တွေနဲ့ နှိုင်းယှဉ်တာတွေ လုပ်နိုင်တယ်။

သတင်းပို့လို့ ရတယ်။ သတင်းယူလို့ ရတယ်။

အတွက်အချက်တွေ အရမ်းမြန်တယ်။ ဂဏန်း ၃၆ လုံးပါတဲ့ ကိန်းနှစ်ခု မြှောက်တဲ့အခါ တစ်စက္ကန့်ရဲ့ တစ်သန်းပုံတစ်ပုံမှာ ပြီးတယ်။ အပေါင်းအနုတ် အမြှောက်အစား အားလုံး ဒီလိုမြန်တယ်။ စူပါကွန်ပျူတာကတော့ အတွက်မှာ စူပါလို့ပဲ ပြောပါရစေတော့။ ဘာတွေခိုင်းခိုင်း အင်မတန်မြန်တယ်။ သူလုပ်နိုင်တာတွေ အများကြီးရှိတယ်။

(၃)
လူ့ဦးနှောက်။

ဒီထက်အများကြီး ကောင်းတယ်တဲ့။ ဟုတ်ရဲ့လား။

ဒီလို တွက်လို့ရလား။ အင်မတန်မြန်အောင် တွက်လို့ရလား။

(Data) တွေအများကြီး ထိန်းထားလို့ ရလား။

ဘာတစ်ခုမှ ကွန်ပျူတာလောက်မြန်အောင် လုပ်လို့မရပါဘူး။ ဒါပေမဲ့ အဲဒီ ကွန်ပျူတာကြီး ဆိုတာကိုက လူကလုပ်ထားတာ။ ဒီအချက်နဲ့တင် လူက သာနေပါပြီ။

ကွန်ပျူတာ အလုပ်လုပ်ဖို့ လူတွေက လုပ်ပေးရတယ်။ ပရိုဆက်ဆာတွေကို ထည့်ပေးရတယ်။ လျှပ်စစ်ဓာတ်ကို လူကလုပ်ပေးရတယ်။ ဝိုင်ယာကြိုးတွေ လူက ဆင်ပေးရတယ်။

ဂဏန်းတွေ တွက်ဖို့ရော။ ဒါတွေကို တွက်ဖို့က ဆော့ဖ်ဝဲလိုတယ်။ လူက ရေးပေးရတယ်။

လူတွေ ဒါတွေထည့်ထားမပေးရင် ကွန်ပျူတာက ဘာမှမလုပ်နိုင်ဘူး။ ဘာမှ မလုပ်တတ်ဘူးတဲ့။

ဆိုလိုတာက ကွန်ပျူတာဟာ မစဉ်းစားဘူး။ စဉ်းစားတဲ့ အလုပ်ကို လုပ်ပေးနိုင်တယ်၊ စဉ်းစားထားတာတွေတော့ ထုတ်ပေးနိုင်တယ်။ တစ်နေ့ကျရင် ကွန်ပျူတာဟာလည်း သာမန်လက်နက်ကိရိယာ တစ်ခုပဲလို့ လူသားတွေ ယူဆကြမှာပါပဲ။ ဒီတော့ လူတွေမှာ ပိုကောင်းတာတော့ ရှိတယ်။ လူ့ဦးနှောက်။ သူက စူပါ (Super) ပါ။ ကွန်ပျူတာလို မဖြစ်ချင်ပါနဲ့။ ကွန်ပျူတာ ထုတ်လုပ်သူပဲ ဖြစ်ပါ . . . . .
ကွန်ပျူတာတစ်လုံးဟာ ‘ဆောင်းပါးတစ်ပုဒ်’ ဖြစ်စေ ‘ပြဇာတ်တစ်ပုဒ်’ ဖြစ်စေ သူ့ဘာသာသူ မရေးနိုင်ပါဘူး။

အဲ ရေးထားတာကိုတော့ ကမ္ဘာ့အစွန်အဖျား တစ်နေရာက နောက်တစ်နေရာကို ကူးပေး၊ ပို့ပေးလို့ ရတယ်။

(၄)
“ဒါဆိုရင် ကွန်ပျူတာက လူကို မကျော်သွားနိုင်ဘူးပေါ့”

“ကွန်ပျူတာက လူလောက် အသုံးမကျဘူးပေါ့”

အမေးတွေကို ဖြေစရာမလိုဘူးလို့ ထင်ပါတယ်။ တကယ်တော့ ကွန်ပျူတာဟာ အင်မတန် အစွမ်းထက်တဲ့ စက်ပစ္စည်းတစ်ခု ဖြစ်တယ်။ တစ်ချိန်ကျရင် ကွန်ပျူတာက လူထက်သာသွားမလားလို့ ဆွေးနွေးကြတယ်။ တစ်နေ့မှာ ကွန်ပျူတာကြောင့် လူသားတွေ ဒုက္ခရောက်နိုင်လားလို့ တွေးကြတယ်။

လူကလုပ်တာပဲ လူတွေကြောက်ရမှာလား။

ကွန်ပျူတာကို လူတွေက အတော့်ကို ခိုင်းလို့ကောင်းတယ်။ User friendly ဖြစ်တယ်။

အခန်းအပူချိန်ကို လိုသလို ထားမလား။ (Air-con တော့ ရှိရမယ်ပေါ့)

ထမင်းဟင်း၊ အဝတ်အထည် မှာမလား။ (ဖုန်း ဒါမှမဟုတ် အင်တာနက်တော့ ရှိရမှာပေါ့)

အဝတ်လျှော်ခိုင်းမှာလား။ (အဝတ်လျှော်စက်တော့ ရှိရမှာပေါ့)

တယ်လီဖုန်း ဖြေခိုင်းလို့ရတယ်။ အိပ်ရာက အနှိုးခိုင်းလို့ ရတယ်။

အားလုံး ပရိုဂရမ်လုပ်ခိုင်းလို့ ရတယ်။ တစ်ရက်စာ။ တစ်နေ့စာ။ တစ်နှစ်စာ။ (Data) ထည့်ထားပြီး ခိုင်းလို့ရတယ်။ သတိရတုန်း ပြောရရင်တော့ ၂ဝဝဝ ပြည့်နှစ် (Y2K)တုန်းက Data ပြဿနာတွေကို အတော်လေး စဉ်းစားဖြေရှင်းရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အတိုကောက်တွေကို သုံးကြတယ်။ ၁၉၈၈ ခုနှစ်ကို ၈၈၊ ၁၉၈၉ ခုနှစ်ကို ၈၉ ပေါ့လေ။ ၁၉၉၉ ခုနှစ်အထိတော့ အဆင်ပြေနေသေးတယ်။ ဒါပေမဲ့ ၂ဝဝဝ ပြည့်နှစ်ရောက်တော့ သုံည သုံည (ဝဝ) ကို ကွန်ပျူတာ မဖတ်တတ်ဘူး။ အဲဒီအချိန်မှာ ကွန်ပျူတာ မျက်စိလည်နေတာပေါ့။ အထူးသဖြင့် ငွေကြေးဆိုင်ရာ အပြောင်းအရွှေ့တွေကို လုပ်လို့ရမှာ မဟုတ်တော့ဘူး။ ဒီအခါ ဘဏ်မှာ ငွေထုတ်လို့ မရတော့ဘူး။ ဒီအတွက် အမေရိကန်ဘဏ်တွေက မူလသုံးနေတဲ့ ပလတ်စတစ် ပိုက်ဆံ Credit Card တွေအစား ပိုက်ဆံအစစ်တွေကို လုံလောက်အောင် ရိုက်ထုတ်ခဲ့ရတယ်။ ပြီးတော့မှ အဆင်ပြေတဲ့အခါ ဒီပိုက်ဆံတွေကို ပြန်ဖျက်ဆီးရတယ်။

ကွန်ပျူတာကို စာဖတ်ခိုင်းလည်း ရတယ်။

ပါးစပ်က ရွတ်ပေးရင် စာရိုက်ခိုင်းလို့လည်း ရတယ်။

ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း (mobile phone) တွဲလို့ စမတ်ဖုန်းတွေ ဖြစ်လာတယ်။ ဝက်ဝက်ကွဲရောပဲ။

ဒါက ကွန်ပျူတာ လူအများစု လက်ထဲရောက်တာ အနှစ် ၂ဝ လောက်သာ ရှိသေးတယ်။ ကျွန်တော်တို့ဆီ အင်တာနက်သုံးတာလည်း ၁ဝ နှစ်ထက် မပိုသေးဘူး။

လူတွေဖြစ်လာတာ နှစ်သန်းချီပါပြီ။

ဒီလိုကောင်းတဲ့ ကွန်ပျူတာစက်ကို လူ့ဦးနှောက် လိုက်နိုင်ပါ့မလား။

(၅)
တကယ်တော့ စက်တွေအားလုံးဟာ လူတွေရဲ့ လက်နက်ကိရိယာပါပဲ။ ၂ဝ ရာစု အစပိုင်းက ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုပဲ ကြည့်ပါ။

တယ်လီဖုန်း၊ ကား၊ မိုက္ကရိုစကုပ်၊ တယ်လီစကုပ်တို့ကိုပေါ့။

မိုက္ကရိုစကုပ်က သေးသေးလေးကို ချဲ့တယ်။ တယ်လီစကုပ်က အဝေးကပစ္စည်းကို ဆွဲယူကြည့်နိုင်တယ်။ (အမြင်ကို ချဲ့တာပေါ့)

ကားက သူ့ခြေထောက်။ အဝေးကြီးကိုရောက်ဖို့ ခြေထောက်တပ်တာ။

တယ်လီဖုန်းက အကြားနယ်ချဲ့တာ။

ဒီတော့ ကွန်ပျူတာဆိုတာ လူတွေရဲ့ အတွက်အချက်ကအစ စားဝတ်နေရေး လူမှုရေးပါမကျန် အထောက်အကူပေးတဲ့ ကိရိယာပါ။ လူတွေတီထွင်တဲ့ထဲမှာ သူကတော့ ပိုပြီးထူးခြားတယ်လို့ ဆိုရမှာပဲ။ (အဆင့်အမြင့်ဆုံးစက် Super လို့ ထင်စရာပေါ့)

ယနေ့မှာ အဝတ်လျှော်စက်တို့ ရေခဲသေတ္တာတို့ကို ကောင်းလိုက်တာကွာ။ သူ့မှာ ဦးနှောက်များ ရှိလေမလားလို့ ဘယ်သူမှ မတွေးတော့ပါဘူး။ ဒါတွေဟာ သာမန်အိမ်သုံးတဲ့စက် (Household Appliances) တွေပါပဲ။

ဘယ်လောက်ရှုပ်ထွေးတဲ့ ကွန်ပျူတာဖြစ်စေ လူ့ဦးနှောက်နဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။  

Computer does not think, but it can produce thoughts လို့ ဆိုထားတယ်။

ဆိုလိုတာက ကွန်ပျူတာဟာ မစဉ်းစားဘူး။ စဉ်းစားတဲ့ အလုပ်ကို လုပ်ပေးနိုင်တယ်၊ စဉ်းစားထားတာတွေတော့ ထုတ်ပေးနိုင်တယ်။

တစ်နေ့ကျရင် ကွန်ပျူတာဟာလည်း သာမန်လက်နက်ကိရိယာ တစ်ခုပဲလို့ လူသားတွေ ယူဆကြမှာပါပဲ။

ဒီတော့ လူတွေမှာ ပိုကောင်းတာတော့ ရှိတယ်။ လူ့ဦးနှောက်။ သူက စူပါ (Super) ပါ။

ကွန်ပျူတာလို မဖြစ်ချင်ပါနဲ့။

ကွန်ပျူတာ ထုတ်လုပ်သူပဲ ဖြစ်ပါ။
ဒေါက်တာခင်မောင်ညို
news-eleven