နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲခံထားရသော ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု မတ် ၁၇ ရက် စတုတ္ထရုံးချိန်းတွင် တရားလိုပြသက်သေများအား စတင်စစ်ဆေး

ပို့စ်တင်ချိန် - 3/18/2014 01:14:00 PM


(ယူနတီသတင်းဂျာနယ် သတင်းထောက်အချို့အား ပခုက္ကူခရိုင်တရားရုံး၌ မတ် ၁၇ ရက်က တွေ့ရစဉ်)

ပေါက်မြို့နယ်အတွင်းရှိ က.ပ.စ ၂၄ လက်နက်စက်ရုံသတင်း ဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲခံထားရသော ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု မတ် ၁၇ ရက် စတုတ္ထရုံးချိန်းတွင် တရားလိုအပါအ၀င် လိုပြသက်သေများအား စတင်စစ်ဆေးခဲ့ပြီး ၁၈ ရက်နေ့ (အင်္ဂါနေ့) တွင် အမှုအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ် ၁၇ ရက် စတုတ္ထရုံးချိန်းတွင် တရားလိုအဖြစ် တိုင်းတန်းခဲ့သူ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံစီမံဌာနမှ ဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် လိုပြသက်သေ (၂) ဗိုလ်ထက်ဝေအောင်တို့အား တရားစွဲဆိုခံရသူများ၏ ရှေ့နေများဖြစ်သည့် ဦးကျော်လင်းနှင့် ဦးအောင်သိန်း၊ ဦးရောဘတ်စန်းအောင်တို့က အမှုနှင့်ပတ်သက်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

တရားစွဲခံထားရသူများ၏ ရှေ့နေများမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား စက်ရုံဧရိယာအတွင်း 'တားမြစ်နယ်မြေမကျူးကျော်ရ' ဆိုင်းဘုတ်များ ယခင်ကတည်းက စိုက်ထူထားခြင်း ရှိ၊ မရှိ။ ယခုဓာတ်ပုံထဲပါ ဆိုင်းဘုတ်မှာ ဟောင်းနွမ်းခြင်းမရှိဘဲ လတ်တလော စိုက်ထူထားခြင်းဖြစ်ကြောင်း ဟုတ်၊ မဟုတ် ဓာတ်ပုံရိုက်ကူးရာတွင် သတင်းထောက်များက စက်ရုံအပြင်ဘက်မှ ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ဒါကို လက်ခံ၊ မခံ၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲမည်ဆိုပါက ပြည်ထဲရေးဝန်ကြီးထံ တင်ပြရပါကြောင်းနှင့် သတင်းထောက်များအား ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရပြီးမှ တရားစွဲဆိုခြင်းလော သို့မဟုတ် တရားစွဲဆိုပြီးမှ ခွင့်ပြုချက်တောင်းခံခြင်းလော၊ စက်ရုံအတွင်း ၀င်ရောက်သူများအနေဖြင့် ကတ်ပြားများ ဆွဲရခြင်း ရှိ မရှိ၊ တားမြစ်နယ်မြေ ထုတ်ပြန်ပါက နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ရန် ပြဋ္ဌာန်းထားကြောင်း၊ ယခုထုတ်ပြန်ချက်မှာ နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားခြင်း ဟုတ်၊ မဟုတ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ တို့တွင် လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားချက်တို့အား သိရှိခြင်း ရှိ၊ မရှိတို့ မေးမြန်းခဲ့ကြောင်း သိရသည်။

၂၀၁၄ ဇန်န၀ါရီ ၂၃ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၄ နှင့် ၃၀ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၅ တွင်ဖော်ပြသော သတင်းဆောင်းပါးကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ၀င်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် သတင်းရေးသားပေးပို့သူနှင့် ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်းအရေးယူပေးပါရန် ဇန်န၀ါရီ ၃၀ ရက်က က.ပ.စ အမှတ် (၂၄) စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ပေါက်မြို့မရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် (ပ) ၈/ ၂၀၁၄ မြန်မာ နိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)/ ၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် ပထမအကြိမ် ရုံးထုတ်တွင် ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက အမှုအားလက်ခံခဲ့ပြီး ၂၄ ရက် ဒုတိယအကြိမ်ရုံးထုတ်တွင် တရားရုံး ပြောင်းလဲစစ်ဆေးပေးရန် တရားစွဲဆိုခံရသူများ၏ ရှေ့နေများက လျှောက်ထားကြောင်း သိရသည်။

မတ် ၃ ရက် တတိယရုံးချိန်းတွင် တရားရုံးပြောင်းလဲပေးရန် လျှောက်ထားမှု၊ အာမခံလျှောက်ထားမှုတို့နှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများ အပြန်အလှန် လျှောက်လဲအပြီး ပခုက္ကူခရိုင်တရားသူကြီးက တရားရုံးပြောင်းလဲပေးရန် လျှောက်ထားမှုနှင့် အာမခံလျှောက်ထားမှုတို့ကို ပယ်ချခဲ့သည်။

ပခုက္ကူခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေကြရသည် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ ရှေ့နေအဖြစ် ဦးကျော်လင်း၊ ဦးသန်းဇော်အောင်၊ ကိုသဲရာဇာဦး၊ ကိုစည်သူစိုး၊ ကိုပိုင်သက်ကျော်၏ ရှေ့နေအဖြစ် ဦးအောင်သိန်းတို့မှ လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်၏ အကျိုးဆောင်ရှေ့နေအဖြစ် ဦးရောဘတ်စန်းအောင်က ဆောင်ရွက်ကြကြောင်း သိရသည်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များ ထိန်းသိမ်းခံခဲ့ရခြင်းအား နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းများဖြစ်သော ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နှင့် နိုင်ငံတကာ ဂျာနယ်လစ်များအဖွဲ့ချုပ်တို့က ကန့်ကွက်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။



Eleven Media Group