အသင်းဟောင်း ချယ်လ်ဆီးဘက်ကို ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ ဒရော့ဘာ

ပို့စ်တင်ချိန် - 3/18/2014 01:26:00 PM




Angel on 2014-03-18 11:07    
ဒရော့ဘာဟာ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ စတမ်းဖို့ ဘရစ်ခ်ျကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ လာမယ့်အင်္ဂါနေ့  မှာ ကစားမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဂါလာတာစာရေးအသင်းနဲ့ အတူ စတမ်း ဖို့ ဘရစ်ခ်ျကို ပြန်လာရမှာပါ။

“ အခု အသက် ၃၆ နှစ်ဆိုတဲ့ ဒရော့ဘာက သူအသက် ၂၆ နှစ်တုန်းကလိုပဲ။ ဘယ်ကစားသမားမှ အဲ့လိုမဖြစ်နိုင်ဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒရော့ဘာဟာ အခုအချိန်ထိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပဲ” လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

မော်ရင်ဟို ချယ်လ်ဆီးနည်းပြဘ၀၊ ၂၀၀၄ ခုနှစ်တုန်းက ဒရော့ဘာကိုကို မာဆေးလ်ကလပ်ကနေ ခေါ်ယူခဲ့တာပါ။ အိုင်ဗရီကို့ စ်လက်ရွေးစင် တိုက်စစ်မှူးဟာ ချယ်လ်ဆီးမှာ ကစားခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း ၃၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၅၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒရော့ဘာ ကလည်း တကယ်လို့ သူ့ ရဲ့အသင်းဟောင်း ချယ်လ်ဆီးကို ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

“ ပထမဆုံး ကျွန်တော့်ကို ကျွန်တော်မေးခွန်းထုတ်ရမယ်။ ဒီဒီယာ စတမ်းဖို့ ဘရစ်ခ်ျကို ပြန်လာရတာ မင်းဘယ်လို ခံစားရလဲ? ပေါ့ ၊ ပြိုင်ပွဲကြီးတစ်ခုရဲ့ ပွဲကြီးတစ်ပွဲမှာ ရင်းနှီးပြီးသားလူတွေနဲ့ ပြန်တွေ့ ရမှာ ပျော်ဖို့  ကောင်းပါတယ်”

“ ချယ်လ်ဆီးလိုအသင်းမျိုးကို ရင်ဆိုင်ကစားရမှာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော် ပြိုင်ပွဲဆီ စိတ်နှစ်ထားဖို့ ကတော့ ခက်ခဲမှာမဟုတ်ပါဘူး။ အခုဆို ကျွန်တော်က ဂါလာတာစာရေးကစားသမား ဖြစ်နေပြီလေ။ ကျွန်တော် ပရော်ဖက်ရှင်နယ်ပီသဖို့ လိုတာပေါ့” လို့ ဒရော့ဘာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။

“ ဒီကလပ်၊ ပရိတ်သတ်တွေနဲ့ ကစားသမားတွေအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ လေးစားမှုကို ပြသတဲ့အနေနဲ့  တကယ်လို့ ကျွန်တော်သာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့  အသင်းနိုင်ရင်တော့ ကျွန်တော်ပျော်တာပေါ့” လို့ ဒရော့ဘာက ပြောကြားခဲ့ပါတယ်။

ဒီဒီယာ ဒရော့ဘာဟာ ချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ခု၊ အက်ဖ်အေဖလား ၄ခု၊ နဲ့  ချန်ပီယံလိဂ် ဖလား နှစ်ကြိမ်ရရှိခဲ့တာပါ။

ပထမအကျော့ပွဲစဉ် ဂါလာတာစာရေးအိမ်ကွင်းမှာ ၁-၁ သရေကျထားတဲ့အတွက် ဒီပွဲစဉ်ဟာ အကြိတ်အနယ် ရှိလာမှာဖြစ်ပါတယ်။

Trend Myanmar