ဆူးလေဘုရားအနီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူ ၃၀ ကျော်ကို ဖမ်းဆီး

ပို့စ်တင်ချိန် - 3/18/2014 07:43:00 PM


ရန်ကုန်၊ မတ် ၁၇
ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရား အနီးတစ်ဝိုက်တွင် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသူ ၃၀ ကျော်ကို ကျောက်တံတား မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်ရှိ ရဲစခန်းတို့တွင် ဖမ်းဆီး အရေးယူထားကြောင်း အဆိုပါ ရဲစခန်းများထံမှ သိရှိရသည်။
နိုင်ငံခြားငွေများကို တရားဝင် ခွင့်ပြုထားသော ငွေလဲကောင်တာများတွင် လဲလှယ်နိုင်ရန် ဆောင်ရွက်ထားသော်လည်း ကျောက်တံတား မြို့နယ်ရှိ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မဟာဗန္ဓုလပန်းခြံ၊ ဧမာနွေလ ဘုရားကျောင်း အနီးတစ်ဝိုက်တို့တွင် ကမ္ဘာလှည့် ခရီးသည်များထံမှ နိုင်ငံခြားငွေများကို တရားမဝင် ရောင်းဝယ် နေမှုများ ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာမှ နိုင်ငံခြားငွေ တရားမဝင် လဲလှယ်သူ ၃၃ ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများကို ကျောက်တံတား မြို့မ ရဲစခန်းတွင် ၃၀ ဦးနှင့် ပန်းဘဲတန်း မြို့မ ရဲစခန်းတွင် သုံးဦး ဖမ်းဆီးခဲ့ပြီး ခြေချုပ်နှင့် ခံဝန်အက် ဥပဒေဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သက်ဆိုင်ရာမြို့မ ရဲစခန်းများထံမှ စုံစမ်း သိရှိရသည်။
“နိုင်ငံခြားငွေ လဲလှယ်သူ အချို့က ဧည့်လမ်းညွှန်လည်း လုပ်တာ ရှိတယ်။ နိုင်ငံခြားသားတွေကို ပြည်တွင်းခရီးစဉ် ကားလက်မှတ်တွေ ဈေးပိုတင်ရောင်းတာ၊ မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်ရာကနေ ငွေအလိမ်ခံရတယ်တို့ ရဲစခန်းကို ခဏခဏ လာတိုင်တာတွေ ရှိတယ်။ နေ့တိုင်း တစ်ပတ်ကို သုံးလေးယောက် မိနေကျ။ အခု တစ်ပတ်တည်း ၃၃ ဦး ဖမ်းမိတာက ဖမ်းဆီးရမိမှု အများဆုံးပဲ” ဟု ကျောက်တံတား မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ဆူးလေဘုရားအနီး နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်နေသူများ အနက် အချို့မှာ နိုင်ငံခြားသားများ အပြင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ပြီး ပြန်လာသူများက ၎င်းတို့ထံတွင် ပါလာသော နိုင်ငံခြားငွေ များကို လာရောက် ရောင်းဝယ်ရာတွင် ငွေကြေး လိမ်လည်မှုများ ပြုလုပ်လေ့ ရှိကြောင်း နိုင်ငံခြားငွေ ရောင်းချခဲ့သူများထံမှ သိရှိရသည်။
“မလေးရှား ငွေတွေ ပါလာလို့ ဧမာနွေလ ဘုရားကျောင်းနားမှ လာရောင်းတုန်းက ရဲရှိလို့ မြန်မြန်လုပ်ဆိုပြီး မလေးရှားငွေ ရောင်းရတဲ့ သုံးသိန်းပေးပြီး သူတို့က ထွက်သွားတာ။ ပေးခဲ့တဲ့ တစ်ထောင်တန် သုံးအုပ်ကို ပြန်စစ်တော့ တစ်အုပ်မှာ အရွက် ၈၀ တည်း ပါတယ်။ အဲဒီလူတွေ လိုက်ရှာတာ မတွေ့တော့ဘူး” ဟု မလေးရှားနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သော အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ရှင်းပြသည်။
ဆူးလေဘုရားအနီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူများမှာ အုပ်စုဖွဲ့ လုပ်ကိုင်လေ့ ရှိပြီး ငွေကြေး လိမ်လည် ခံရသူများ တိုင်ကြားလာသောကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့နှင့် အထူး မှုခင်းနှိမ်နင်းရေး အဖွဲ့တို့က ပူးပေါင်းကာ စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
The Voice