သင်္ကြန်မဏ္ဍပ်များတွင် ဆေးလိပ် ဝေငှပါက ဥပဒေအရ အရေးယူမည်

ပို့စ်တင်ချိန် - 3/18/2014 01:26:00 PM



ရန်ကုန်၊ မတ် ၁၇

သင်္ကြန်ကာလအတွင်း ရေကစား မဏ္ဍပ်များတွင် ဆေးလိပ်၊ စီးကရက် ဝေငှခြင်း လုံးဝ ခွင့်မပြုကြောင်းနှင့် ဝေငှကြောင်း ကျန်းမာရေး ဝန်ကြီးဌာနသို့ တိုင်ကြားချက်များ ရရှိပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က The Voice သို့ ပြောကြားသည်။

နိုင်ငံတစ်ဝန်း ရေကစား မဏ္ဍပ်တိုင်းကို ပေးပို့ ညွှန်ကြားသွားမည် ဖြစ်ပြီး အရေးယူ စောင့်ကြပ်ရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း၊ ၂၀၁၃ ခုနှစ်က သင်္ကြန်ရေကစား မဏ္ဍပ်တစ်ခုတွင် စီးကရက်ဘူးများ အခမဲ့ ဝေငှနေသည်ကို သိရှိရသည့် အတွက် ယခုနှစ်တွင် ထပ်မံ မဖြစ်ပွားရန် ကြီးကြပ် စစ်ဆေးရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဥပဒေ ချိုးဖောက်ရင် ချိုးဖောက်တဲ့ အတိုင်း အတိအလင်း ဆောင်ရွက်ရမှာပဲ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန်းညွန့်က ပြောကြားသည်။

အဆိုပါ သတိပေးချက်များကို အများပြည်သူ သိရှိစေရန် တရားဝင် ထုတ်ပြန် ကြေညာထားမှသာ တွေ့ရှိသူများက နီးစပ်ရာ ရဲတပ်ဖွဲ့ စခန်းများထံ တိုင်ကြားနိုင်မည် ဖြစ်ကြောင်း၊ ဆေးလိပ်နှင့် စီးကရက်များကို အခမဲ့ ဝေငှခြင်း၊ အလိပ်ဖြေ ရောင်းခြင်းနှင့် ဆေးလိပ်မသောက်ရ နေရာ များတွင် ဆေးလိပ် သောက်သုံးခြင်းတို့ကို အရေးယူရန် ဥပဒေတွင် ပြဋ္ဌာန်း ဖြစ်ပြီးကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။

ယင်းအပြင် ဆေးလိပ်မသောက်ရ တားမြစ် နေရာများတွင် သောက်သုံးပါက တည်ဆဲ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၃ ရက်နေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။

သို့သော် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး နည်းဥပဒေကို ရေးဆွဲနေဆဲသာ ရှိသောကြောင့် လက်တွေ့ အရေးယူမှု အပိုင်းတွင် အားနည်းနေကြောင်း၊ ယင်းကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ကြီးကြပ်ရေး အဖွဲ့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွဲ့စည်း၍ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းက ပြောဆိုသည်။

ဆေးလိပ်မသောက်ရ နေရာများတွင် ဆေးရုံ၊ ဆေးပေးခန်း၊ အားကစားကွင်း၊ ကလေးကစားကွင်း၊ အခြေခံပညာကျောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ၊ စတိုးဆိုင်၊ ပြတိုက်၊ စာကြည့်တိုက်နှင့် လေအေးပေးစက် တပ်ဆင်ထားသော အများပြည်သူသုံး အခန်းများ ပါဝင်ကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

အလားတူ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ အခမဲ့ ဖြန့်ဖြူးခြင်း၊ လက်ဆောင်ပေးခြင်း၊ လက်ကမ်း ကြော်ငြာများ၊ ဆိုင်းဘုတ်များ ထူခြင်းနှင့် အကျိုးပြုလုပ်ငန်း တစ်ခုခုအတွက် ပံ့ပိုးပေးကြောင်း တို့ကို စစ်ဆေး တွေ့ရှိပါက ပထမအကြိမ်တွင် ငွေဒဏ် ကျပ်နှစ်သောင်းမှ ငါးသောင်းအထိ လည်းကောင်း၊ ဒုတိယအကြိမ်တွင် ၂ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းမှ နှစ်သိန်းအထိ ချမှတ်နိုင်သည်။


The Voice Weekly