မုံရွာ ချင်းတွင်းမြစ်ထဲက လူသေအလောင်းတွေ့

ပို့စ်တင်ချိန် - 3/18/2014 06:27:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မတ် ၁၇
မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ အောင်ဇေယျုံ ဇက်ကူးတို့ဆိပ်၏ အောက်ဘက် ချင်းတွင်းမြစ်အတွင်း ယခုလ ၁၇ ရက်နေ့ မနက် ၁၁ နာရီအချိန်က လူသေအလောင်းတွေ့ရှိခဲ့ရကြောင်း မုံရွာမြိ့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရ သည်။
အဆိုပါ လူသေအလောင်းတွေ့ရှိရာ အရပ်သို့ မုံရွာမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် လွင်အောင်မိုးနှင့်အဖွဲ့က သွားရောက် စီစစ်ခဲ့ရာ သေဆုံးနေသူသည် ဂျင်းဘောင်းဘီအရှည်၊ တီးရှပ်စွပ်ကျယ် ၀တ်ဆင်ထားသည့်အမျိုးသား တစ်ဦးဖြစ်ကြောင်း သိရသည်။ ထိုသူသည် ယခုလ ၁၃ ရက်နေ့ မနက် ၄ နာရီက မုံရွာမှ၊ ဟုမ္မလင်းသို့ ခုတ်မောင်းပြေး ဆွဲသည့် ရွှေဒနီ ခရီးသည်သယ်ယူပို့ဆောင်ရေး အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ခရီးသည် ကိုပစ်ရှင်း(ခ) မိုးစက်ပစ်ရှင်း ဆိုသူဖြစ်နိုင်ဖွယ်ရာရှိကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် ရဲအရာရှိတစ်ဦးက ခန့်မှန်းပြောဆို သည်။
သေဆုံးသူမှာ ကိုပစ်ရှင်း(ခ) မိုးစက်ပစ်ရှင်း ဟုတ်/မဟုတ် စီစစ်နိုင်ရန်အတွက်လည်း ထိုသူ၏ ဆွေမျိုးသားချင်းများထံ ရဲဌာနက ဆက်သွယ်အကြောင်းကြားထားသည်ဟု သိရသည်။ သေဆုံးသူသည် ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူဖြစ်ခဲ့ပါက မုံရွာမြို့မရဲစခန်း၏ (ပ) ၈၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၀ အမှုအား ပုဒ်မ ၃၀၄(က)သို့ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပြီး၊ ရေယာဉ်ပေါ်မှြု့တ်ကျသေဆုံးမဟုတ်ခဲ့ပါက သေမှုသေခင်အရ ဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်မှ ပြောပြသဖြင့် သိရှိရသည်။
(မှတ်ချက် ။ ။ ဤဓာတ်ပုံအား ဖော်ပြရန် သတင်းစာကျင့်ဝတ်များအရ လျော်ညီမှုမရှိသော်လည်း သေဆုံးသူ၏ ဆွေမျိုးသားချင်းများ တွေ့မြင်မိပါက အခြေအနေမှန်အား သိရှိနိုင်သည့် အကျိုးအမြတ်ထွက်ပေါ်လာစေနိုင်သည်ဟု ယူဆမိရပါသဖြင့် တင်ပေးလိုက်ခြင်းဖြစ်သည်။ ကိုတိုးကြီး)

ကိုတိုး ချင်းတွင်း