မရမ်းကုန်းမြို့နယ်ရှိ Brave Bar ကလပ်၌် Naing Group ကုမ္ပဏီ ဒါရိုက်တာတစ်ဦးနှင့် အပေါင်းပါတစ်ဦးကို လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်

ပို့စ်တင်ချိန် - 3/18/2014 08:08:00 AM


မရမ်းကုန်းမြို့နယ်ရှိ Brave Bar ကလပ်၌ Naing Group ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးနှင့် အပေါင်းပါတစ်ဦးကို လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ မတ် ၁၆ ရက် နံနက် ၃ နာရီ ခန့်က မရမ်းကုန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက် ကန်ရိပ်သာလမ်းရှိ Brave Bar ကလပ်၌ Naing Group ကုမ္ပဏီဒါရိုက်တာဖြစ်သည့် ကျောက်တံတားမြို့နယ်နေ ကို ……(၃၃) နှစ်သည် ကုမ္ပဏီဝန်ထမ်းဖြစ်သူ အောင်မျိုးထွန်းနှင့်အတူ ဘီယာသောက်နေစဉ် အမည်မသိ အသက် ၃၀ နှစ်ခန့် အမျိုးသား ငါးဦးတို့ အရက်မူးကာ ရောက်ရှိလာပြီး ကို…..အား အကြောင်းမဲ့ ဆဲဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ဆဲဆိုပြီး ၎င်းတို့ငါးဦးက ၀ိုင်း၍ လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန်သဖြင့် ကို….မှာ ထွက်ပြေးရာ ကလပ်အ၀င်ဝအထိ အဆိုပါလူများက လိုက်လံထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကလပ်လုံခြုံရေး ၀န်ထမ်းများ ၀င်ရောက်ဖျန်ဖြေသဖြင့် ရန်ပွဲပြီးဆုံးသွားခဲ့ပြီး ထိုးကြိတ်ခံရမှုကြောင့် ကို…..တွင် ကျောကုန်းနာကျင်ဒဏ်ရာ၊ နှုတ်ခမ်းအပေါ်အောက် ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းဖူးရောင် နာကျင်ဒဏ်ရာတို့ ရရှိခဲ့ပြီး အောင်မျိုးထွန်းတွင်လည်း ပွန်းပဲ့နာကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ကျူးလွန်သူများမှာ ၅င/၁၂၁၂ Surf အနက်ရောင်ကားပေါ်မှ အသက် ၃၀ နှစ်ခန့်ရှိကြောင်း လုံခြုံရေး ၀န်ထမ်းများက ပြောပြခဲ့ပြီး ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

“ဘာကြောင့် ဆဲဆိုထိုးကြိတ်သွားတာလဲ ဆိုတာကို စစ်ဆေးနေတုန်းပဲ ရှိသေးတဲ့အတွက် တိတိကျကျတော့ မသိရသေးပါဘူး။ ကျူးလွန်သွားတဲ့ သူတွေရဲ့ကားနံပါတ်ကို သိရပြီဆိုတော့ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်” ဟု မရမ်းကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မတ် ၁၇ ရက် မွန်းလွဲတွင် ပြောပြသည်။

အဆိုပါဖြစ်စဉ်ကို မရမ်းကုန်းမြို့မ ရဲစခန်းက (ပ)၆၂/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရန် ကို…..ဖုန်းအား ဆက်သွယ်ရာ ဖုန်းမှာ စက်ပိတ်ထားပြီး နေအိမ်သို့ သွားရောက်မေးမြန်း ခဲ့ရာတွင်လည်း ကို….မှာ ခရီးသွားသည် ဟုသာ ပြန်လည်ဖြေကြားခဲ့သည်

News Eleven