Air Myanmar Aviation Services ကုမ္ပဏီက ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များအား ရေနံရှာဖွေရေး လုပ်ငန်းများတွင် ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်မည်

ပို့စ်တင်ချိန် - 3/18/2014 07:07:00 PM



Air Myanmar Aviation Services ကုမ္ပဏီက ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များအား ရေနံရှာဖွေရေး လုပ်ငန်းများတွင် ငှားရမ်းခြင်း လုပ်ငန်းအား လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

လက်ရှိအချိန်တွင် Air Myanmar Aviation Services ကုမ္ပဏီသည် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံရှာဖွေရေး လုပ်ငန်းများတွင် ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်များအား ငှားရမ်းခြင်း လုပ်ကိုင်နိုင်ရန် ရဟတ်ယာဉ်သုံးစီးအား ၀ယ်ယူထားကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ် အမျိုးအစားများမှာ AS 350 B3 ရဟတ်ယာဉ်နှစ်စီးနှင့် Agusta Westland 139 ရဟတ်ယာဉ်တစ်စီးတို့ ဖြစ်ကြောင်း သိရသည်။

"Air Myanmar Aviation Services ကုမ္ပဏီအနေနဲ့ ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံ ရှာဖွေရေးလုပ်ငန်းတွေမှာ ရဟတ်ယာဉ်နဲ့ လေယာဉ်ငယ်တွေကို ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်ဖို့ ရဟတ်ယာဉ်သုံးစီး ၀ယ်ထားပြီး မကြာခင် လုပ်ငန်းစတင်နိုင်ဖို့ ရှိပါတယ်။ ကမ်းလွန်ရေနံရှာဖွေရေးကို မစမီမှာ ကုန်းတွင်း ရေနံရှာဖွေရေးတွေမှာ အရင်လုပ်ကိုင်သွားမယ်" ဟု Air Myanmar Aviation Services ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ကမ်းလွန်ရေနံရှာဖွေရေး လုပ်ငန်းများတွင် ရဟတ်ယာဉ်နှင့် လေယာဉ်များ ငှားရမ်းသည့်လုပ်ငန်း လုပ်ကိုင်မည့် Air Myanmar Aviation Services ကုမ္ပဏီသည် ထူးကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်ကြောင်း လေကြောင်းလိုင်း အသိုင်းဝိုင်းမှ သတင်းရရှိသော်လည်း Air Myanmar Aviation Services ကုမ္ပဏီမှ တာဝန်ရှိသူက ထူးကုမ္ပဏီနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

ထူးကုမ္ပဏီ အုပ်စုသည် မြန်မာနိုင်ငံတွင် သစ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ရှာဖွေတူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်းများ အပါအ၀င် လုပ်ငန်းပေါင်းစုံအား လုပ်ကိုင်လျက်ရှိသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းပိုင်းလုပ်ကွက် ကမ်းလွန်လုပ်ကွက်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ကာ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့်အတူ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပူးပေါင်းပါဝင်ရမည်ဟု သတ်မှတ်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိ ဆောင်ရွက်ဆဲ ဆောင်ရွက်မည့် Major Development Projects များအဖြစ် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေနံရှာဖွေရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

Eleven Media Group