ရေများများသောက်လျှင် ဝိတ်ကျသည်ဆိုခြင်းကို အတည်မပြုနိုင်ဟုဆို

ပို့စ်တင်ချိန် - 3/18/2014 07:42:00 PM




အမေရိကန် အာဟာရ ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာဘာ့သ် ကစ်ချင်က ရေများများ သောက်ခြင်းသည် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေသည်ဆိုသော ဆိုရိုးနှင့် ပတ်သက်ပြီး အလေးအနက် သုတေသနပြု လေ့လာခဲ့သည်။

ရေသောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်သည်ဆိုသော အယူအဆကို မှန်ကန်သည်ဟု အတည်ပြုနိုင်စရာ အထောက်အထား မရှိကြောင်း ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။ အမေရိကန် အာဟာရ ပညာရှင် တစ်ဦးဖြစ်သော ဒေါက်တာဘာ့သ် ကစ်ချင်က ရေများများ သောက်ခြင်းသည် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေသည်ဆိုသော ဆိုရိုးနှင့် ပတ်သက်ပြီး အလေးအနက် သုတေသနပြု လေ့လာခဲ့သည်။
သူမက ရေများများ သောက်သည့်အခါ ခန္ဓာကိုယ်တွင် ကယ်လိုရီ လောင်ကျွမ်းမှု ပမာဏ ယောင်ယောင်လေးမျှ တိုးတက်လာသည်ကို အသိအမှတ် ပြုခဲ့သည်။ သို့သော်လည်း ယင်းသည် ကိုယ်အလေးချိန် လျှော့ချနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် လက်ခံနိုင်လောက်စရာ မရှိကြောင်း မှတ်ချက်ပြုသွားသည်။ သူမက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းရန်အတွက် ရေသောက်သင့်ကြောင်း တိုက်တွန်းခဲ့သော်လည်း တစ်နေ့လျှင် ရေ(၈)ခွက်မျှ သောက်ပါက ကိုယ်အလေးချိန် လျော့ကျနိုင်ကြောင်း ပြောဆိုမှုများသည် ယုံတမ်းသာဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အလာဘားမား တက္ကသိုလ်မှ သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ ကစ်ချင်က “ရေများများသောက်တာက ခန္ဓာကိုယ် အလေးချိန်ကို ကျဆင်းသွားစေတယ်ဆိုတာ အင်မတန် နည်းပါးတဲ့ အထောက်အထားလောက်ပဲ ရှာတွေ့တယ်။ ပြောရမယ်ဆိုရင် ဒါဟာ ကိုယ့်ဖာသာ လိုရာဆွဲ တည်တံ့နေစေတဲ့ ယုံတမ်းတစ်ခုပါပဲ”ဟု ဆိုသည်။ သူမက “ရေများများသောက်တာ မကောင်းဘူးလို့ ကျွန်မလုံးဝ မပြောဘူးနော်။ ဒါပေမဲ့ ခုချိန်ထိ ရေများများသောက်လို့ ကယ်လိုနီ နည်းနည်းလေး ပိုပြီး လောင်ကျွမ်းနိုင်ကြောင်း ပြသနိုင်တဲ့ သုတေသန စမ်းသပ်ချက် တစ်ခုပဲ တွေ့ဖူးသေးတယ်။ ဒါကလည်း ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့ သိပ်ကို ထိရောက်တဲ့ ပမာဏမျိုးတော့ မဟုတ်ဘူး”ဟု ရှင်းပြခဲ့သည်။
ဒေါက်တာကစ်ချင်က “လူတွေက အရည်များများ သောက်သင့်တာတော့ အမှန်ပါပဲ။ ရေချည်းသက်သက် ဖြစ်ဖို့ မလိုပါဘူး။ ရေသောက်လိုက်လို့ အဆီတွေ ပိုပြီးပျော်ဝင်ကျေပျက်သွားတာ၊ အစာစားချင်စိတ် နည်းသွားတာမျိုး ဖြစ်နိုင်တဲ့ ဘာအထောက်အထားမှလည်း မရှိဘူး။ ဒါကြောင့် ရေများများ မသောက်ချင်တာလည်း ပြဿနာ မဟုတ်ဘူး။ ဥပမာ လူတွေက ကော်ဖီဟာ ရေဓာတ်ဖြည့်ဆည်းနိုင်တယ်လို့ မထင်ကြဘူး။ ဒါပေမဲ့ ကော်ဖီသောက်ခြင်းဟာလည်း ရေဓာတ်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်စွမ်း ရှိပါတယ်”ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network