ဧပြီ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံရန် ပြင်ဆင်သတ်မှတ်ထားသည့် သုံးစွဲခနှုန်းထားများ အစိုးရက လွှတ်တော်သို့ ထပ်မံအဆိုတင်

ပို့စ်တင်ချိန် - 3/18/2014 01:13:00 PM





ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ် ၁၇ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံအဆိုတင်သွင်းခဲ့သည်။

နိုင်ငံပိုင်ဓာတ်အားစနစ်မှ ရောင်းချနေသည့် နှုန်းထားများမှာ အစိုးရဌာနများနှင့် အိမ်သုံးအတွက် တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ် ၇၅ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်း၊ ယင်းသို့ ဖြန့်ဖြူးမှုမှာနိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း၏ ရာခိုင်နှုန်း ၃၀ ကိုသာ ဖြန့်ဖြူးနိုင်သေးကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်နာယကထံပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

လက်ရှိကောက်ခံနေသည့် နှုန်းထားများအရ နိုင်ငံတော်အနေဖြင့် ကျပ် ၂၈၄ ဘီလျံခန့် စိုက်ထုတ်သုံးစွဲနေရကြောင်း၊ တိုးမြှင့်ကောက်ခံမည့်နှုန်းထားများအရ ကျပ် ၁၂ ဘီလျံခန့်သာ စိုက်ထုတ်သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာမှ စိုက်ထုတ်သုံးစွဲရမည့် အခြေအနေကို ကာမိစေရန်အတွက် နည်းလမ်းသုံးသွယ်ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ နည်းလမ်း ၁ ဖြင့်ကောက်ခံပါက ကျပ် ၅၅ ဘီလျံ စိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ နည်းလမ်း ၂ ဖြင့်ကောက်ခံပါက ၂၀ ဘီလျံခန့် စိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ နည်းလမ်း ၃ ခု ဖြင့်ကောက်ခံပါက ၁၂ ဘီလျံခန့် စိုက်ထုတ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နိုင်ငံပိုင်ဓာတ်အားစနစ်အား အချိန်တိုအတွင်း တိုးချဲ့ဖြန့်ဖြူးနိုင်ရန် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ဆောလျင်စွာ တိုးချဲ့တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အရှုံးခံဖြန့်ဖြူးမည့်အစား မျှတစွာကောက်ခံ၍ ၀င်ငွေတိုးတက်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရကဏ္ဍတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည့်မဟုတ်သည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိကြောင်း ဦးခင်မောင်စိုးက ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ရတနာ၊ ရဲတံခွန်နှင့်ဇောတိကတို့မှ ကမ်းလွန်သဘာဝဓာတ်ငွေ့ကို 1 MMBTU လျှင် 5 USD နှုန်း၊ ရွှေကမ်းလွန်မှရရှိသည့် ဓာတ်ငွေ့အား 1 MMBTU လျှင် 12 USD နှုန်းတို့ဖြင့် ၀ယ်ယူရကြောင်း၊ သဘာဝဓာတ်ငွေ့သုံးအင်ဂျင်ဖြင့် ထုတ်လုပ်သော ပုဂ္ဂလိကစက်ရုံများနှင့် ဓာတ်အားတစ်ယူနစ်လျှင် 0.034 USD နှုန်း၊ သောက်ရေခပ်ရေအားလျှပ်စစ်စက်ရုံမှ တစ်ယူနစ်လျှင် ၇၀ ကျပ်နှုန်းဖြင့် ၀ယ်ယူဖြန့်ဖြူးရကြောင်း၊ ထိုအခြေအနေများကြောင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၈၄ ဘီလျံခန့် စိုက်ထုတ်သုံးစွဲရမည့် အခြေအနေရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲနေရသည့် ငွေကြေးပမာဏ လျှော့ချသုံးစွဲနိုင်ရေးအတွက် ထိုသို့တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်းနှင့် ၀င်ငွေတိုးတက်ရရှိလာပါက လျှပ်စစ်မီးမရရှိသေးသည့် ဒေသများတွင် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ကြောင်း လျှပ်စစ်ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဓာတ်အားသုံးစွဲမှုလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် နှစ်စဉ်စီမံကိန်းများ ချမှတ်ခဲ့သော်လည်း ဘဏ္ဍာငွေအခက်အခဲကြေင့် အစိုးရတစ်ခုတည်းဖြင့် အကောင်အထည်မဖော်နိုင်၍ ဓာတ်အားမလုံလောက်မှု ဖြစ်ပေါ်ဆဲပင်ဖြစ်ကြောင်း ဦးခင်မောင်စိုးက ပြောကြားသည်။

အဆိုပါတိုးမြှင့်ကောက်ခံမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က "တိုးမြှင့်မယ့် ဓာတ်အားခအပေါ် ဆင်းရဲတဲ့ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားသင့်တယ်။ ရရှိလာမယ့်ငွေတွေနဲ့ မီးမရရှိသေးတဲ့နေရာတွေအတွက် မီးရရှိအောင် ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတဲ့ အာမခံချက်ရှိသင့်တယ်"ဟု ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက "ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားကို အလျှံပယ်သုံးစွဲနေမှုမှ ခြိုးခြံချွေတာသုံးစွဲဖို့ သမ္မတရဲ့သ၀ဏ်လွှာမှာ ပြောထားပါတယ်။ အခြားနေရာတွေမှာ လျှပ်စစ်ဓာတ်အားလိုအပ်နေပေမယ့် နေပြည်တော်မှာတော့ လူမရှိတဲ့နေရာတွေမှာတောင် သုံးထားတဲ့ လျှပ်စစ်မီးက အလျှံပယ်ဖြစ်နေတယ်။ ဒါတွေကိုပြန်သုံးသပ်သင့်ပါတယ်။ ပြည်သူကို ခြိုးခြံချွေတာဖို့ ပြောတဲ့သူတွေကိုယ်တိုင်က ခြိုးခြံချွေတာရမှာ ဖြစ်ပါတယ်" ဟုပြောကြားသည်။

အဆိုပါ ဓာတ်အားသုံးစွဲခ တိုးမြှင့်ကောက်ခံရန် အဆိုတင်သွင်းမှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မူသဘောအရ ဆွေးနွေးခဲ့ပြီး မတ် ၁၉ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group