Sim-Card များကို ဝယ်ယူရာတွင် တန်းစီရန်မလိုသည့် ဝန်ဆောင်မှု Telenor ပေးမည်ဟုဆို

ပို့စ်တင်ချိန် - 3/18/2014 02:06:00 PM


နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော (Telenor) က ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များကို အသုံးပြုနိုင်ရန်အတွက် ကြိုတင်လျှောက်လွှာများတင်ရန် မလိုကြောင်းနှင့် ဝယ်ယူသည့်အခါတွင်လည်း တန်းစီရန်မလိုသည့် ဝန်ဆောင်မှုဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သတင်းရရှိသည်။

ယခုအချိန်မှစတင်ကာ လာမည့် လအနည်းငယ်တွင် လုပ်ငန်းများ စတင်လည်ပတ်တော့မည့် နော်ဝေဆက်သွယ်ရေး အော်ပရေတာသည် တယ်လီနောအမှတ်တံဆိပ်နှင့် မိုဘိုင်းဆင်းကတ်များကို နေရာဒေသအများအပြားတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူဖြစ်သော Mr. Petter Furberg က ပြောကြားသည်။

တယ်လီနော မြန်မာကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ဆင်းမ်ကတ်များကို အသုံးပြုရန်အတွက် ကြိုတင်စာရင်းပေးသည့် စနစ်မလိုအပ်ပဲ ဈေးကွက်အတွင်း ဝယ်ယူသည့်အခါတွင်လည်း တန်းစီရန် မလိုအောင် နေရာအနှံ့တွင် ဝယ်ယူနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့်ပမာဏ ပိုမိုမြင့်တက်လာစေရန်နှင့် ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များကို သုံးစွဲလိုသူများ အချိန်တိုအတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက် ယခုကဲ့သို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တယ်လီနောဆက်သွယ်ရေး အော်ပရေတာမှ ရောင်းချမည့် ဆင်းမ်ကတ်များသည် ကွမ်းယာဆိုင်ကဲ့သို့သော အသေးစား အရောင်းဆိုင်များတွင်ပင် အလွယ်တကူဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီသည် ဆင်းမ်ကတ်များ စတင်ရောင်းချသည့်အချိန်မှ ငါးနှစ်အတွင်း တယ်လီနောဆင်းမ်ကတ်များကို ရောင်းချသည့်ဆိုင်ပေါင်း တစ်သိန်းအထိ ရှိလာစေရန် ဆောင်ရွက်မည်ဟုလည်း မီဒီယာသို့ ကတိပေးပြောကြားခြင်း ရှိခဲ့သည်။

တယ်လီနော ဆက်သွယ်ရေးအော်ပရေတာနှင့်အပြိုင် အကြိုဈေးကွက်မြှင့်တင်ခြင်းများကို ပြုလုပ်နေသည့် ကာတာနိုင်ငံအခြေစိုက် အူရီဒူးကုမ္ပဏီသည် ၎င်းတို့၏ဝန်ဆောင်မှုကို အသုံးပြုလိုသူများအတွက် ပြီးခဲ့သည့်လမှစတင်ကာ ဆင်းမ်ကတ်ဝယ်ယူလိုကြောင်း လျှောက်လွှာစာရွက်များကို ဈေးကွက်အတွင်း ဖြန့်ချိခဲ့ပြီး ကြိုတင်လျှောက်လွှာဖောင်များကို စတင် လက်ခံခဲ့သည်။



ယုဇနကိုကို
Internet Journal