အဝေးပြေးယာဉ်လိုင်း အချို့ ဧပြီလအတွက် ကြိုတင် လက်မှတ် စတင်လက်ခံ

ပို့စ်တင်ချိန် - 3/18/2014 05:41:00 PM




ရန်ကုန်၊ မတ် ၁၇

နှစ်သစ်ကူး ရက်ရှည် ရုံးပိတ်ရက် ဧပြီလအတွင်း အဝေးပြေးခရီးစဉ် ကြိုတင် လက်မှတ်များကို ယာဉ်လိုင်းအချို့ စတင် လက်ခံလျက် ရှိပြီး ယာဉ်စီးခ နှုန်းထားများ ပြောင်းလဲခြင်း မရှိကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ စုံစမ်း သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ ဝန်းကျင်ကတည်းက ကြိုတင် လက်မှတ်များ စတင် လက်ခံခြင်း ဖြစ်ပြီး မှာယူသည့် အရေအတွက် အတိအကျ မပြောနိုင်သော်လည်း ကြိုတင် မှာယူသူ များပြားကြောင်း ရန်ကုန်-ထားဝယ် ပြေးဆွဲနေသော ရွှေထားဝယ် ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကြိုတင်လက်မှတ် မှာယူမှု များပြားသောကြောင့် ယာဉ်စီးရေ ပိုမို ပြေးဆွဲမည် ဖြစ်သော်လည်း လက်မှတ်ခ နှုန်းထားများကိုမူ ပုံမှန်နှုန်း အတိုင်းသာ ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် ကြိုတင် မှာယူမှု စတင် လက်ခံနေသော JJ Express ယာဉ်လိုင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောဆိုသည်။

“ပုံမှန်ထက် နှစ်ဆတိုး ပြေးဆွဲမယ်။ ဘွတ်ကင် လုပ်တဲ့ လူတွေလည်း တစ်ခါတည်း လက်မှတ်ဖြတ်ရင် ပိုအဆင်ပြေမယ်” ဟု ၎င်းကဆိုသည်။

နှစ်သစ်ကူး ပိတ်ရက်အတွင်း အချို့ အဝေးပြေး ယာဉ်လိုင်း များမှာ ဈေးနှုန်း မြင့်တက်လေ့ ရှိကြောင်း နှစ်စဉ် ရန်ကုန်မြို့မှ မကွေးမြို့သို့ ပြန်လေ့ရှိသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

“ဂိတ်တွေကတော့ မတက်ဘူးပဲ ပြောတာပေါ့။ ဂိတ်နားမှာ ရှိတဲ့ မှောင်ခိုတွေက တက်တာ။ အဲဒီတော့ ဂိတ်က လိုက်တက်တယ်” ဟု ၎င်းကဆိုသည်။

JJ Express ယာဉ်လိုင်းသည် မန္တလေးခရီးစဉ် ကြိုတင် လက်မှတ်များကို မတ်လ ၁၅ ရက်နေ့မှ စတင် လက်ခံပြီး နေပြည်တော် ခရီးစဉ်အတွက် မတ်လ ၂၀ ရက်နေ့တွင် စတင် လက်ခံမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်-မော်လမြိုင် ပြေးဆွဲသော ရောင်နီထွန်း ယာဉ်လိုင်း၊ ရန်ကုန်-စစ်တွေ ပြေးဆွဲသော ကြံတိုင်းအောင် ယာဉ်လိုင်းများမှာလည်း မတ်လ ၂၀ ရက်နေ့တွင် ကြိုတင် လက်မှတ် စတင် လက်ခံမည် ဖြစ်ကြောင်း ယင်းယာဉ်လိုင်းများထံမှ သိရသည်။

The Voice Weekly