ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင် လာမည့် ဇွန်လတွင် Pre Show ပြသမည်

ပို့စ်တင်ချိန် - 5/21/2014 02:38:00 AM


၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်တွင် ပထမဆုံး ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံမှ လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင်ကို လာမည့် ဇွန်လ(၂၅) ရက်နေ့၊ နှစ်(၆၀) ပြည့်တွင် Pre Show ပြသသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ အန်ထော်နီက The Messenger သတင်းစာသို့ ပြောသည်။ ရိုက်ကူးရေး ကာလ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း အနုစိတ်ဖြစ်သည့် အသံ၊ အရုပ် များကို နိုင်ငံတကာ ပညာရှင် များဖြင့် ပြုလုပ် နေပြီး၊ မြန်မာနိုင်ငံတွင် ရုံအခက်အခဲကြောင့် တန်းစီ ဇယားဖြင့် မသွားဘဲ ဇူလိုင်(သို့) အောက်တိုဘာလတွင် ရုံတင်ပြသခွင့် ရအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ဖ.ဆ.ပ.လ ခေတ်၊ ၁၉၅၄ ခုနှစ် ၀န်းကျင်တွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ခုမှ ရန်ကုန်မြို့ကို သိမ်းယူရန် ကြိုးပမ်းရာ အင်းစိန် တိုက်ပွဲတွင် အစိုးရမှ လက်နက်ကြီးများ အသုံးပြုခဲ့ ခြင်းကြောင့် ကရင် တိုင်းရင်းသားများ များစွာ ကျဆုံး ခဲ့ရကြောင်း၊ ယင်းကြောင့် အစိုးရတပ် များအား ခုခံ တိုက်ခိုက်ရန် လက်နက်ကြီးများ သယ်ဆောင်ရန် အတွက် ကရင် တိုင်းရင်းသား ဦးသိန်းကျော်နှင့် ဦးသောင်းကျော်တို့က လေယာဉ်ပျံအား ပြန်ပေးဆွဲ ခဲ့ကြောင်း၊ ယင်းအဖြစ်အပျက်ကို အခြေခံကာ ရုပ်ရှင် အနုပညာရှင် သရုပ်ဆောင် စုစုပေါင်း (၂၀၀) ကျော်ဖြင့် ရိုက်ကူး တင်ဆက် ထားကြောင်း သိရသည်။
ယင်း လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်တွင် ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပြေးဆွဲခဲ့သော လေယာဉ်ပေါ်တွင် ကေအန်ဒီအို အဖွဲ့ဝင် သုံးဦးက ဦးစီး၍ ပြန်ပေးဆွဲ ခဲ့ခြင်းဖြစ်ပြီး၊ ဦးဆောင်သူ ညီအစ်ကို နှစ်ဦး ဖြစ်သည့် ဦးသိန်းကျော်နှင့် ဦးသောင်းကျော်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ဂျန်းကပ် ရွာသားများ ဖြစ်သည်။
““အရင်ကဆို ကရင်ကလည်း KNU လို့ သုံးတာတောင် မကြိုက်သလို အစိုးရကလည်း ဖြစ်ခဲ့တာ အမှန် ဆိုပေမယ့် နားလည်မှုတွေ မတူတဲ့ အခါကျတော့ ဒါကို ချပြဖို့ မလိုလားဘူး။ ခုဆိုရင် ဇာတ်လမ်း ရိုက်ကူးဖို့ လေတပ် ကလည်း ကူညီသလို ပြည်ထဲရေးကလည်း ကူညီတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး ကြောင့်သာ နားလည်မှု တွေရပြီး၊ ခုလို ရိုက်ကူးနိုင် တာပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကမ္ဘာမှာ ပထမဆုံး ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြသနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီဇတ်ကား ရိုက်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းက တိုက်တွန်းတာလည်း မဟုတ်သလို အစိုးရကလည်း တိုက်တွန်းလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ကမ္ဘာမှာ ပထမဆုံး ဖြစ်ခဲ့တဲ့ဖြစ်ရပ် ကို ဂုဏ်ယူတဲ့ အသိစိတ်နဲ့ ရိုက်ကူး တင်ဆက်ခဲ့ခြင်း သာဖြစ်ပါတယ်”” ဟု ဒါရိုက်တာ အန်ထော်နီ က ပြောသည်။
“ပထမဆုံး ရောင်နီဦး၏ အလင်းရောင်နှင့်အတူ” ဟု အမည်ပေး ထားသော ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှု “Worls First Hi Jack” ကိုလာမည့် အောက်တို ဘာလတွင် နောက်ဆုံး ရုံတင်ပြသ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal