ဒီဗွီဘီ သတင်းထောက် မြန်မာနိုင်ငံက နှင်ထုတ်ခံရ

ပို့စ်တင်ချိန် - 5/09/2014 06:12:00 AM



မင်္ဂလာဒုံလေဆိပ်ကနေ မထွက်ခင် ဒီဗွီဘီသတင်းထောက် Angus Watson
ရန်ကုန်အခြေစိုက် ဒီဗွီဘီ Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာအသံ မာလတီ မီဒီယာ သတင်းဌာနရဲ့ သတင်းထောက် သြစတြေးလျ နိုင်ငံသား Angus Watson ကို ပြည်ဝင်ခွင့် ဗီဇာ စည်းကမ်းချိုးဖေါက်မှုနဲ့ မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလိုက်ပါတယ် ။

ဒီဗွီဘီရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ အင်တာနက်စာမျက်နှာအတွက် သတင်းထောက်ဖြစ်တဲ့ မစ္စတာ ဝပ်ဆင်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အဖမ်းခံရတဲ့ တလ ပြည့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆန္ဒပြ ပွဲကို သတင်းယူဖို့ ရုံးက လွှတ်တဲ့အတွက် တခြား ဒီဗွီဘီ သတင်းထောက် ၂ ယောက်နဲ့ အတူ ဆန္ဒပြပွဲကို သွားသတင်းယူခဲ့တယ်လို့ ထိုင်းနိုင်ငံကို မထွက်ခွာခင် မင်္ဂလာဒုံလေဆိပ်မှာ ရှိနေခိုက် ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ သူက ပြောခဲ့ပါတယ်။

ဆန္ဒပြပွဲအပြီး ဟော်တယ်ပြန်လာ သတင်းရေးနေချိန်မှာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ရောက်လာပြီး သူ့ကို business visa လုပ်ငန်းဗီဇာနဲ့ သတင်းယူတယ် ၊ မကွေးဆန္ဒပြပွဲမှာ ပါတယ် ဒါကြောင့် ဗီဇာစည်းကမ်းကို ချိုးဖေါက်တယ်လို့ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို မကွေးကနေ ရန်ကုန်ကို မနေ့က ခေါ်လာခဲ့ပြီးဒီကနေ့မှာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို သူက ငြင်းခဲ့ပြီး၊ ဒီဗွီဘီမာလတီမီဒိယာသတင်းဌာနမှာ လုပ်ကိုင်နေတဲ့အတွက် business visa ရှိတာကြောင့် သတင်းယူခွင့်ရှိတယ်လို့ ဒီဗွီဘီ ရုံးက သူ့ကို ပြောတယ်လို့ ဆိုပါတယ်။

သူကို ဆန္ဒပြရာမှာ ပါဝင်ကြောင်း စိစစ်တွေ့ရှိရတဲ့ အတွက် business visa ကိုင်ဆောင်ထားသူတဦးအနေနဲ့ ဗီဇာစည်းကမ်းကို ချိုးဖေါက်တာကြောင့် ပြည်နှင်လိုက်တာ ဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထောက်ဗီဇာထုတ်ပေးထားသူတွေ ထဲမှာ မစ္စတာ ဝပ်ဆင်ပါဝင်ခြင်းမရှိတာကြောင့် အခုလို မြန်မာနိုင်ငံထဲ ဝင်ရောက် သတင်းယူတာဟာလည်း မသင့်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။

ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံ မာလတီ မီဒီယာ သတင်းဌာနရဲ့ ဒုတိယညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းက တော့ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ဌာန တခုအတွက် ထုတ်ပေးတဲ့ business visa ဟာ သတင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရှိရမယ်လို့ ပြောပါတယ်။

ဒီလို အငြင်းပွားစရာကိစ္စကို တရားရုံးမှာ ကြားနာ ရှင်းလင်း ချေပခွင့်မရှိဘဲ အခုလို့ သူတို့ သတင်းထောက်ကို နှင်ထုတ်လိုက်တာကို နားလည်ရခက်တယ်လို့ ဆိုပါတယ်။

ပြည်နှင်ဒဏ် ပေးလိုက်ပေမယ့် ဘယ်သူ့က ဘယ်လို ဆုံးဖြတ်ချက် ချခဲ့သလဲ ဆိုတဲ့ စာရွက်စာတမ်း အထောက်အထား တွေကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဆီက သူတောင်းကြည့်ပေမယ့် ဘယ်အရာရှိကမှ ပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် မစ္စတာဝပ်ဆင် ကို ဘာပြစ်မှုကို ကျူးလွန်လို့ ဘယ်လို အရေးယူခံခဲ့ရတယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင် မသိခဲ့ရဘူးလို့ ဒီဗွီဘီ ဒုတိယ ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းက ပြောပါတယ်။

bbc