MAI လေကြောင်းလိုင်းက ယူအေအီးသို့ ၂၀၁၅ ခုနှစ်တွင် စတင်ပျံသန်းမည်

ပို့စ်တင်ချိန် - 3/13/2014 11:57:00 AM

MAI လေကြောင်းလိုင်းမှ လေယာဉ်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ်

မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်းလိုင်းဖြစ်သည့် MAI လေကြောင်းလိုင်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင်မှ ယူအေအီးနိုင်ငံသို့ ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်မတို့ MAI လေကြောင်းလိုင်းအနေနဲ့ ၂၀၁၄ ခုနှစ် အတွင်းမှာတော့ ယူအေအီးနိုင်ငံကို လေကြောင်းခရီးစဉ် ပျံသန်းဖို့ အစီအစဉ် မရှိသေးပါဘူး။ MAI အနေနဲ့ ဥရောပဈေးကွက် ရရှိနိုင်ဖို့ ယူအေအီးနိုင်ငံ ခရီးစဉ်တွေကို ၂၀၁၅ ခုနှစ်မှာ ခရီးစဉ် စတင်ပျံသန်းနိုင်အောင် စီစဉ်နေပါတယ်” ဟု MAI လေကြောင်းလိုင်းမှ Marketing & Public relations Manager မအေးမရသာက ဆိုသည်။

မြန်မာနိုင်ငံနှင့် ယူအေးအီးနိုင်ငံ နှစ်နိုင်ငံအကြား ယခင်က လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိဘဲ၂၀၁၄ ခုနှစ်၊ မတ် ၁၀ ရက်တွင် ယူအေအီးနိုင်ငံ၌ ပထမဆုံး လေကြောင်းသဘောတူစာချုပ်အား ချုပ်ဆိုခဲ့သည်။ ယင်းကဲ့သို့ လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုမှုအရ မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်းလိုင်းအဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းအား သတ်မှတ်ခဲ့ပြီး၊ ယူအေအီးနိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်းလိုင်းအဖြစ် Emirates၊ RAK၊ Air Arabia၊ Aerovista လေကြောင်းလိုင်းများအား သတ်မှတ်ခဲ့သည်။

“ယူအေအီးနိုင်ငံနဲ့ လေကြောင်းသဘောတူစာချုပ်ချုပ်တာ ဒါပထမဆုံးပါ။ လေကြောင်းသဘောတူစာချုပ်မှာ လေကြောင်းလိုင်းပျံသန်းခွင့်ကို ကန့်သတ်မထားပါဘူး။ ယူအေအီးနိုင်ငံက အပြည်ပြည်ဆိုင်ရာလေဆိပ်တိုင်းမှာ မြန်မာလေကြောင်းလိုင်းတွေ ဆင်းသက်နိုင်မှာပါ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုထားပြီးဖြစ်သည့် နိုင်ငံအချို့မှ စာချုပ်ပါ အချက်အလက်များအား ခေတ်နှင့်လျော်ညီသည့် စာချုပ်သစ်များအဖြစ် ပြင်ဆင်ချုပ်ဆိုလာကြသည်။ ခေတ်နှင့်လျော်ညီသည့် စာချုပ်သစ်များအဖြစ် ပြင်ဆင်ချုပ်ဆိုရာတွင် အဓိက ပြင်ဆင်ချုပ်ဆိုသည့် အချက်မှာ ယခင်က နိုင်ငံတစ်နိုင်ငံမှ လေကြောင်းလိုင်းတစ်ခုကိုသာ ပျံသန်းခွင့်ပြုသည့ှ်Single designation အစား ပျံသန်းလိုသည့် လေကြောင်းလိုင်းအား ကန့်သတ်ခြင်းမရှိသည့် Multiple designation အဖြစ် ပြောင်းလဲချုပ်ဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား လေကြောင်းသဘောတူစာချုပ်အား ပြင်ဆင်ချုပ်ဆိုနိုင်ခဲ့မှုကြောင့် ယခင်က မြန်မာလေကြောင်းလိုင်းများ ဆင်းသက်ခွင့်မရခဲ့သည့် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ မြန်မာလေကြောင်းလိုင်းများ ဆင်းသက်ခွင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုထားသော နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများသာမက ဥရောပ၊ အမေရိက၊ အစ္စရေး အပါအ၀င် နိုင်ငံပေါင်း ၄၆ နိုင်ငံနှင့် လေကြောင်းသဘောတူစာချုပ်များ ချုပ်ဆိုထားခဲ့သည်။ မြန်မာနိုင်ငံနှင့် အစောဆုံး လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုမှုအဖြစ် ၁၉၄၉ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် Air Transport Agreement အား လက်မှတ်ရေးထိုးခဲ့သည်။

Eleven Media Group